နဂရ
“သိချင်တာရှိရင် ငါ့ကိုမေးလေ”
စာဖတ်ရင်းအိပ်ပျော်သွားရုံရှိသေး ရုတ်တရက် ထွက်လာသောအသံကြောင့် လန့်အော်မိပေမယ့် အသံကထွက်မလာ။ အမှန်က သူအိပ်မက်မက်နေတာဆိုတော့ အသံထွက်မလာတာပဲ ဖြစ်မည်။
“မေးပါကွ ဒီလောကထဲမှာ ငါက ဆရာကြီးပါ.. အားလုံးထဲမှာ ငါ့လောက်တော်တာ တစ်ယောက်မှမရှိဘူး”
အသံက အနားမှာနောက်တစ်ခါ ထပ်ပေါ်လာပြန်သည်။ င့ါကို ဘာတွေဇွတ်လာမေးခိုင်းနေတာလဲမသိဘူး ဆိုသောအတွေးဖြင့် အသံလာရာဖက်ကို ကြည့်မိတော့ သူ့ရှေ့မှာ ရပ်နေသောပုဂ္ဂိုလ်ကို သူတွေ့လိုက်ရသည်။ အိပ်မက်ဆိုတော့ လှည့်ရှာစရာမှမလိုတာ။ သူ့ရှေ့မှာမြင်နေရသော ထိုလူသားအား သူသေချာအကဲခတ်ကြည့်၍ အသက်ကိုခန့်မှန်းကြည့်မိသည်။ ဆံပင်ရှည်ရှည်ကို နောက်လှန်စည်းထားပြီး ဘင်္ဂလီရုပ်ပေါက်နေသောမျက်နှာတွင် နေကာမျက်မှန်အမဲကို တပ်ထား၏။ အမှန်က အိပ်မက်ထဲမှာ နေကထွက်မနေပါ မျက်အိမ်ဟောက်ပက်နှင့် သူ့မျက်လုံးပြူးပြူးတွေကို ဖုန်းကွယ်ထားချင်၍ တပ်ထားပုံရသည်။ အပေါ်အောက်ဝတ်ထားသော အနောက်တိုင်းဝတ်စုံနှင့် မလိုက်ဖက်စွာ ရာဘာခြေညှပ်ဖိနပ်ကို စီးထားသည်။ လက်ထဲမှာလည်း လက်ပတော့ ကွန်ပျူတာတလုံးကိုင်လို့ တလောကလုံး သူ့လုပ်စာထိုင်စားနေရသလိုလို။ ရင်ဘတ်က ရှေ့မှတ်တိုင်ရောက်နေပြီး မေးစေ့က လမှာတက်ချိတ်နေသလား ထင်ရသည်။ ခန့်မှန်းတာ သိပ်မလွဲလောက်ရင်တော့ သူအသက်နှင့်မတိမ်းမယိမ်းပေါ့။
“နိုး.. နိုး.. မပြည့်စုံဘူး။ ဘလော့ဆရာကြီး နဲနဲမှ မကြားမိဘူးလား” သူခေါင်းရမ်းပြတော့ ဆရာကြီးမျက်နှာက တင်းကနဲဖြစ်သွားသည်။
“ဆရာကြီးက ဘာလို့ အပေါ်ကတော့ ဟုတ်တုတ်တုတ်နဲ့ ခြေထောက်က ရာဘာခြေညှပ်စီးထားရတာတုန်း”
သူ့မေးခွန်းကြောင့် ဆရာကြီးဆိုသူ သူ့ခြေထောက်သူငုံ့ကြည့်ရင်း…
“ဖုန်ပေါလို့ ဗွက်ထူ ရာသီကပူ ဗမာပြည်ရောက်တဲ့လူ စတိုင်လေ။ အာ.. ဟေ့ကောင် ဘာတွေမေးနေတာလဲ မင်းမေးရမှာက စာအကြောင်းပေအကြောင်းကွ” ဟုပြောပြီး ခပ်လှမ်းလှမ်းမှ ဖြတ်မောင်းသွားသော ကားပြာကြီးတစီးကိုကြည့်ရင်း ပြောလက်စ စကားသံကို ပြန်ဘွာတေးလုပ်ပြီး သူမပြောသလို တစ်လုံးချင်း လိုက်သိမ်းနေသည်။ အိပ်မက်ဆိုတော့ ဓါတ်ရှင်ကားတွေ ထဲကလို လုပ်ချင်ရာ လုပ်လို့ရနေသည်ပေါ့လေ။
“ဘယ်တော့ မီးပုံမှန်လာမှာလဲ… မနက်ဖြန်ဘာကောင်းလဲ” ဆိုသောမေးခွန်းမျိုးတော့ သူမမေးချင်။
“ကျွန်တော်က ဒီကိုအိပ်မက်ထဲကနေ ရောက်လာတော့ ဘာမှမေးစရာတွေကြိုတင်မစီစဉ်ထာဘူး။ အခုမှတော့လည်း မထူးတော့ပါဘူး ဂျာကြီး.. အဲ… ဆရာကြီး အဲ… ဘလော့ဂါဆရာကြီး အနေနဲ့ ကျွန်တော်မသိတာလေး မရှင်းတာလေး နဲနဲလောက်ရှင်းပြပေးစေလိုပါတယ်”
“နဲနဲမဟုတ်ဘူး များများမေး မင်းတို့လို အသစ်လေးတွေအတွက် ဆရာလုပ်ရမှာ အဲ.. လမ်းပြပေးရမှာ ဆရာကြီးမှာတာဝန်ရှိတာပေါ့”
“ဒီလိုဗျာ.. မြန်မာစာမှာ ဗျည်း၊ အက္ခရာ၊ သရ၊ ဒီဃ၊ ရဿ၊ ဝဂ် အဲလိုအမျိုးမျိုးရှိတယ်။ က ကို အက္ခရာလို့ပြောနိုင်သလို ဗျည်း လို့လည်း ပြောနိုင်တယ်။ ဒါပေမယ့် သရလို့ ဘာလို့မပြောနိုင်တာလဲ တခြားသရတွေရဲ့ အာနိသင်ဂုဏ်တွေလဲသူ့မှာပြည့်စုံနေသားနဲ့”
“ဟုတ်ပါပြီ ဆရာကြီးရယ်.. ဒါဆို (ဂ)ငယ်မှာ (ဃ)ဂကြီး၊ (ဉ)ညလေးမှာ (ည)ကြီး၊(န)ငယ်မှာ (ဏ)ကြီး၊(လ)မှာ (ဠ)ကြီး ဆိုပြီးအသီးသီးရှိနေတယ် ဆရာကြီးပြောသလို ကကြီးက အစဆုံးစကားလုံးဖြစ်လို့ဆိုရင် သူ့မှာ ဘာလို့ (က)ငယ်ဆိုပြီး မရှိတာလဲ”
“မင်းတော်တော်တုံးတဲ့ အကောင်ပဲကွ၊ ကြီးတာမှန်သမျှ ကကြီးနဲ့ အသံထွက်မှာပေါင်းရတော့ ကကြီးကိုရာထူးမကျအောင် ကငယ်မထွင်ခဲ့တာကွ” မှတ်သားလောက်ပါပေ့။ အနားမှာ အုတ်နံရံသာရှိလျှင် ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ဖြစ်မိသည်။ ခက်တာက အိပ်မက်ထဲဆိုတော့ မြူလိုလိုအငွေ့တွေသာ ပတ်ဝန်းကျင်ကို ကြီးစိုးနေသည်။
ဆရာကြီးပုံစံက သူ့မေးခွန်းဆုံးတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ဈေးအဟောင်းမီးလောင်နေပုံကိုကြည့်နေတဲ့ ပုံစံ။
“မြန်မာအသတ်(၁၀)ပါးနဲ့ ပါဠိ အသတ် (၂၆)ပါးရှိတာပေါ့ကွ။ သေချာမှတ်ထားနော်”
သူခေါင်းခါလိုက်ရင်း “အဲ့တာ ကျွန်တော်သိပါတယ် ဆိုလိုတာက အသတ်ဆိုတာ ဋ္ဌာန်နဲ့ကရိုဏ်းနဲ့ အသံထွက်ရှိနေတာချည်းပဲ၊ ဒီလိုဗျာ အခုလက်ရှိ သုံးနေတဲ့ ဃ သတ်က ဘယ်အုပ်စုထဲမှ မပါဘူး..”
“ဆရာကြီးက ဘလော့ဂါဆရာကြီးဆိုတော့ တစ်ခြားတအုပ်စုထဲမှာများ ရှိနေတာလမ်းညွန်ပေးနိုင်မလားလို့.. အဲတာလေး ပြောပြပေးပါဗျာ။ မရှိဘူးမသုံးဘူးမပြောနဲ့နော်။ မိုးကို အဲဒီဃ ကြီးသတ်နဲ့ မိုဃ်းထားတာတွေတပုံကြီး”
“ဆရာကြီး ဖြေရခက်လဲ နောက်တွေ့တာပေါ့” ထွက်ပေါက်တွေ့သွားတဲ့ ခွေးလေးတစ်ကောင်လို ဆရာကြီးထိုင်ရာမှထသည်။ “အဲကျမှ မေးစရာတွေ ကျွန်တော် စုထားလိုက်မယ်လေ” ကျွန်တော့်စကားဆုံးတော့ ဆရာကြီးမှာ ပင်မဓါတ်အားလိုင်းကြိုးပြတ်ပေါ် တက်နင်းမိတဲ့ ဝက်တစ်ကောင်အလား။ သနားစရာတော့ အတော်ကောင်းသား သူအိပ်မက်ထဲက ထပြန်မလို့လုပ်တုန်း ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ နောက်ထပ် လူသုံးယောက်က ဆရာကြီးဘေးမှာ ရပ်လို့ပေါ်လာသည်။ ဆရာကြီးမျက်နှာက ထီမထိုးပဲ ထီပေါက်သွားသလို အနားရောက်လာသော အနှီးပုဂ္ဂိုလ်သုံးယောက်အား သူနှင့်မိတ်ဆက်ပေးသည်။
“မင်းဒီနေရာမှာတော့ မလွတ်မကင်းတွေမမေးနဲ့။ ငါ အပြင်ရောက်မှအွန်လိုင်းကမေး” သူခေါင်းထပ်ညိတ်ပြလိုက်ပြီး အသိအမှတ်ပြုလိုက်သည်။
သူ ထိုမောင်ရုရှားဆိုသူဘလော့ဂါအား သူအကြည့်ရောက်တော့ မျက်လုံးတင်မက နားတဖက်ပါမရှိတာတွေ့ရသည်။ အားနာမူဖြင့် ဒုက္ခိတဘလော့ဂါဟု သူပြောမထွက်တော့။ ဆရာကြီးက မိတ်ဆက်ပေးအပြီး သူ့အနားမှ သုတ်ခြေတင်ပြေးတော့သည်။
ရုတ်တရက် ဆောင့်ထွက်လာတဲ့အသံကြောင့် သူအလန့်တကြားကြည့်မိတော့ ကုလားဒိန်ဖြစ်နေသည်။ ဒုက္ခော.. ငါလဲ မေးစရာရှိတယ်လို့ဆိုပြီး ပင့်ထားရအောင် သူက မင်းကြီးမင်းလေးလား။
ခါးကိုလှည်းဘီးဖြတ်နင်းခံရတဲ့ ဖားလို အီကနဲဖြစ်သွားတဲ့ ဒန်ဆရာကြီးမှာ လက်တစ်ဖက်မှ လက်ငါးချောင်းကို တစ်ခြားလက်တစ်ဖက်နှင့် ရေတွက်ရင်း ပါးစပ်မှ
“မော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်ပီ၊ အော်တာနေးတစ်၊ နီရို…..အစသဖြင့်ပေါ့”
“အဲတာလောက်ပဲလား ဆရာ။ သေသေချာချာလုပ်ပါဗျာ။ ဒါနဲ့ ဆရာက ဘယ်အမျိုးအစားထဲမှာ ရေးတာများလဲ”
သူ့မေးခွန်းအတွက် ဆရာဖျက်ဆီးထံမှ ဘုကြည့်ကြည့်တဲ့ မျက်လုံးတွေ ခုန်ပေါက်ပြေးလာသည်။
“ဘယ်အမျိုးအစားမှ မရေးဘူးကွ ငါရေးချင်သလိုရေးတယ်။ ဒန်လေကွာ ဘာသတ်မှတ်ချက်ထားရမှာလဲ။ စိတ်ထဲရှိတာရေးပြီး ကဗျာလို့တပ်လိုက်ရင် ကဗျာပေါ့။ ကဗျာဆိုတာ သတ်မှတ်ချက်ရှိလို့လား”
သူ့စကားကြောင့် ကဗျာဆရာငဇင်ကာဖျက်ဆီးမှာ ဒေါသတကြီးနှင့်…
“မင်း မသတ်မှတ်လဲ မနက်တိုင်းမှာနေထွက်မှာပဲ။ ငါက ကဗျာဆို ကဗျာပေါ့.. လျှာမရှည်နဲ့..”
“ဒါဆို ဆရာရယ် သတိ ရှေ့မှာ ကျောင်းရှိသည် လို့ရေးထားတဲ့ သတိပေးဆိုင်းဘုတ်လဲ ကဗျာပဲလားဟင်။ ကျွန်တော်မလိမ်မိုးမလိမ်မာလေးမို့ မေးမိတာပါ”
သူ့စကားသံအဆုံး ကိုဖျက်ဆီးတစ်ယောက် ဖနောင့်ဆောင့်ကာထွက်သွားလေ၏။
ဘဝနှယ် အိပ်မက်ထဲတောင် ကောင်းကောင်းအိပ်မရတဲ့အဖြစ်။
ဟဲ့ပလုတ်တုတ်… အိပ်မက်ထဲတောင် လန့်ရလောက်အောင် အာကျယ်ကျယ်နဲ့ ဘယ်လိုလူစားပါလိမ့်။ သူသိပ်စိတ်မရှည်ချင်တော့ပေ။
“ဆရာ့ကိုရော ဘာမေးရမှာလဲ”ဟု ချောင်းဟန့်သံပေးရင်း အတင်းနေရာဝင်ယူသော မောင်အိမ်ကျယ်ကို ခပ်မာမာမေးလိုက်သည်။
“ဒီလိုကွာ ကိုယ်က ဒီလောကထဲဝင်လာတာ သိပ်မကြာသေးတော့ အမှီလိုက်ချင်တယ်။ ဒါကြောင့် သူများနာမည်တူကို သုံးတယ်ကွာ ထင်ယောင်ထင်မှားပေါ့။ ဟီး စာတော့မရေးဘူး နိုင်ငံရေးစာအုပ်တွေ လင့်ခ်တင်ပြီး ဆရာလုပ်တယ်လေ။ မင်းဘာသိချင်လဲ သိချင်တာ နံပတ်ဘယ်လောက်မှာသွားပြီး ဒေါင်းလိုက်ရုံပဲ”
“အဲဒါဆို ဆရာ့ဆိုဒ်က စာအုပ်အဟောင်းတွေ လမ်းဘေးမှာ အရင်ကချရောင်းခဲ့သလိုပေါ့။ စာအုပ်တွေကတော့ အနှစ်တွေပါ ဒါပေမယ့် ဆရာစရိုက်နဲ့က တခြားစီ”
“ဟကောင် မင်းဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ”
“ဆရာပဲစဉ်းစားကြည့်လေ… ကိုယ့်ဘလော့မှာတော့ သူတော်ကောင်းယောင်ဆောင်ပြီး သူများဘလော့က စီဘောက်တွေမှာ အမိယုတ်သားလို ထထအော်နေတာကိုး”
သူ့ ထောက်ပြချက်က ဘလောဂါအိမ်ကျယ် နဖူးတည့်တည့် သေနတ်မှန်သလို အမူအရာပျက်ချိန်တောင်မရလိုက်။ ပြီးတော့မှ ဟီး..ဆိုပြီး သူ့ကိုလေပြေထိုးရင်း ထထွက်ဖို့ ပြင်လိုက်သည်။
“နေပါဦးဆရာရယ် ကျွန်တော်တခုမှ မမေးရသေးတာ”
သူ့စကားကြောင့် ကိုအိမ်ကျယ်မှာ တီကောင်ဆားထိသလို တွန့်သွားသည်။
“ဘာ… ဘာမေးမှာလဲဟင်”
“အဲဒါပြောတာပေါ့.. နိုင်ငံတော်ရဲ့စေတနာ.. နိုင်ငံရေးဦးတည်ချက် လေး..လေး”
“တော်စမ်းပါဗျာ ခင်ဗျားလဲရှိတဲ့ပါးစပ်ပိတ်ထား။ မျက်လုံးက စုံကန်းနေတာတောင် နားတစ်ဖက်က နားထောင်လို့ရရုံသက်သက်။ အားကောင်းမောင်းသန်ဒုက္ခိတပုံနဲ့”
မီဒီယာဘလော့ဂါ ကိုရုရှားခမျာ စကားဆုံးအောင်မပြောလိုက်ရ သူခပ်တင်းတင်းရှိနေတာနှင့်ရောဟောက်မိသည်။
အိပ်မက်ထဲမို့ ထင်ပါသည် အခွင့်အရေးရတုန်း စကားဝင်ထောက်သော ကိုရုရှားကိုပါ လှည့်ဟောက်ပစ်မိသည်။ အပြင်မှာတော့ သူလဲဟောက်ရဲမည်မထင်။ ရေကြည်အိုင်မှာ ဆိုင်ကယ်စီးရင်း သူ့ရှေ့သွား(၂)ချောင်းကျပျောက်ခဲ့တာ ခုချိန်ထိ မှတ်မိနေဆဲ။
“ကဲ… ခင်ဗျားတို့ သေချာမသိတဲ့ကိစ္စတွေ မေးမနေတော့ပါဘူး။ ကျုပ် အိပ်မက်ထဲမှာ ကျုပ်နှစ်နှစ်ခြိုက်ခြိုက် အိပ်မလို့လုပ်တုန်း လာနှောင့်ယှက်တဲ့ခင်ဗျားတို့ အဲဒီ အိပ်မလို့လုပ်တုန်း ဆိုတဲ့ စကားအဓိပ္ပါယ်လေးကိုပဲ သေချာအောင်ရှင်းပြကျဗျာ။ ကျုပ်မေးထားတာ သေချာစဉ်းစားဖြေနော်။ ထင်ရာတွေ ခင်ဗျားတို့ ထုံးစံအတိုင်း လျှောက်အော်မနေနဲ့”
သူ့စကားဆုံးတော့ ဆရာနှစ်ပါးခမြာ စီဘောက်တွေမှာလိုက်ပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့သူများလို့ မထင်ရအောင် ငြိမ်ကျသွားသည်။
“ကဲဗျာ.. ကျွန်တော်လည်း အိပ်မက်ကနေ ထတော့မယ်ဗျာ။ အိပ်မက်ထဲမှာတောင် ကောင်းကောင်းမနေရတဲ့ဘဝ ခင်ဗျားတို့ချင်းပဲ နေခဲ့တော့ဗျာ”
“အစ်ကိုသု”
“ငါဖတ်ဖူးတဲ့ ကျမ်းမှာတော့ အဲ့စကားပုံမရှိပါဘူး မိုးမောင်ရ”
“ထားပါတော့ ဆရာသုရယ်.. ကျနော်ဆိုလိုတာက သူ့အဓိပ္ပာယ်ဖွင့်တော့ ဘာလို့ ရပင့်နဲ့ ဖျာထားရတာလဲ။ ဘာလို့အဲလို ကွာနေရတာလဲ”
((((အန်))))
တစ်လုံးသာရေရွတ်ရင်း ဝဋ်ဆိုတာချက်ချင်းလည်း လည်တတ်ကြောင်း သူနားလည်လိုက်သည်။ ဘာပြန်ပြောရမှန်းသူ မစဉ်းစားတတ်တော့တဲ့အဆုံး “နဂရ”ဆိုတဲ့စာကြောင်းတိုလေး ပြန်ရိုက်လိုက်သည်။
“ဘာအဓိပ္ပာယ်လဲ အစ်ကိုသု”
“အရင်အတိုင်းတဲ့”
အမှန်က အိပ်မက်ထဲမှာသာ အိပ်မက်ကစေစားလို့ သူလျှောက်ရမ်းနေတာ ဘာတွေပဲဖြစ်ဖြစ် ခေတ်ကြီးကိုက အရင်အတိုင်း ညစ်ပတ်ပေပွနေတာပဲလေ..
သူလည်းပဲ အရင်အတိုင်း ဘာမှမသိမတတ်သော လူတစ်ယောက်အဖြစ်သာ…။

ဘလော့ဂ်လောက ကြည့်ရသလို ပါပဲဗျာ။ မှတ်သား လောက်ပါပေတယ် … သဲကိုးဖြာက အဓိပ္ပါယ် ဖွင့်တော့ ဖျာ ဖြစ်သွားတာကို … မြင်ပြီး အဟိ ….ဖြစ်သွားတာ …. အတော်လည်း တွေးတတ်တဲ့ လူတွေ …ဒါကြောင့် ဟက်ပီးဘလော့ဂ် လို့ ခေါ်တာကိုးးးးးးးးးးး
ဆရာကြီးလား ကျနော့် ဇယားလေး လွှတ်ပေးလိုက်မယ်
ပျောက်နေတာ အကြာကြီးဘဲ
ရေးလိုက်ပြန်တော့လဲ ထိထိမိမိပါလား..
ဘလောဂ့်လောကကြီးကို ကွင်းဆင်းလေ့လာနေပုံရတယ်..
အိပ်မက်ထဲမှာတောင် အလန်းဘဲ..အင်တာဗျူးပုံက..
Happy Cloud က စာတွေ မဖတ်ရတာကြာနေပြီ…. ရေးလိုက်တော့လည်း တကယ့်ကို ထိပါတယ် အကိုရေ..။ ဘလော့ဂါကြီးရဲ့ “ကငယ်” မရှိရတဲ့ အကြောင်းလေး ပြန်ဖြေလိုက်တာ ကောင်းရော..။း)
မှန်လိုက်တာ အကိုရာ..။ Happy Cloud က အကိုတွေ ကွင်းဆင်း လေ့လာနေပုံရတယ်နော်။ အကို့ရဲ့ မေးခွန်းတွေကိုတော့ သေချာမှတ်သွားတယ်အကို..။ မြန်မာစာကို စာလုံးပေါင်း၊ သတ်ပုံ၊ ၀ါကျ မှန်အောင် ရေးတတ်ဖို့ အရေးကြီးတယ် ဆိုတာ နားလည်သွားပါတယ် အကို။ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
ဟား ဟား ဟား….
ငါ့ အကိုကတော့ လုပ်ချလိုက်ပြန်ပြီ။
န ဂ ရ
မှတ်သားသွားပါတယ် အကိုရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အိပ်မက် ခပ်ဆန်းဆန်းကို လာဖတ်ပါတယ်
အကိုရေ….
ဝှီး ကနဲ….တစ်ချက်
ဘယ်ကမှန်းမသိပဲ
နဖူးတည့်တည့် ဖြစ်သွားတယ်/မယ်
ဖတ်မှတ်လေ့လာသွားပါကြောင်း
ချစ်ခင်စွာ
ဒီစာစုဟာ ကျနော့်ဖန်တီးမှု ၅၀%လောက်သာပါတာပါ။ အမှန်က ကျနော်ဖတ်ခဲ့ဖူးတဲ့ (ဘယ်တုန်းက ဘယ်မှာလဲတော့ မသိတော့) စာတပုဒ်ရဲ့လောင်းရိပ်တွေ အများကြီးပါတာ ဝန်ခံပါတယ်။ အခြေအနေက တိုက်ဆိုင်နေလို့ ဘယ်လိုမှ အဲဒီ အရိပ်အောက်က ထွက်လို့မရသလို ဖြစ်နေတဲ့စာစုပါ။ ပြောရရင် ခိုးချထားတာပေါ့။ နံမည်ကြီးတဲ့ စာရေးဆရာတစ်ယောက် ရေးခဲ့တာတော့ မဟုတ်တာသေချာတယ်ဗျ။ ကျနော်ဖတ်ခဲ့မိတုန်းက အရမ်းသဘောကျလို့ စိတ်ထဲစွဲနေတာ တမင်မဟုတ်ပေမယ့် ခိုးချထားသလိုဖြစ်နေတာဟာ ခိုးချတာပါပဲ။ နားလည်ပေးနိုင်ကြပါစေ။
အော် အသင်လောက နဂရ…
ဖတ်မှတ်သွားတယ်အစ်ကိုရေ..
ကိုယ့်ကိုယ်ကိုထုတ်ခြင်းခတ်မြင်သွားပါတယ်…
ညီငယ်
မိုးကြယ်
ဆိုက်ကို လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ စနစ်တကျရေးဆွဲထားတဲ့ ဆန်းဒေးစကူးလ်ကျောင်းတွေ ဖြစ်သင့်နေတာ ကြာပါပြီ၊ ကြိုးစားပါအုံးမယ်..
မင်္ဂလာပါ..
အိပ်မက် ထဲမှာတောင် ဖြတ်မောင်းသွားသော ကားပြာကြီးတစီး။ ပြန်လှည့်လာမှဖြင့်။
စိတ်ကူး..အတွေး..အရေး..အားလုံး ညီညွှတ်မျှတ ပါ့ဗျာ။ ဖတ်ရခဲတဲ့ ပို့စ်ကောင်းတစ်ခုပါဘဲ။
ခင်မင်စွာဖြင့်
ကိုမျိုး
အကိုသု
ပြောချင်တဲ့ စကားတွေနဲ့ ပေးချင်တဲ့ message တွေကို ရလို့
အားရကျေနပ်မိသဗျား
ချစ်ညီ