တိုက်ရိုက်အချိုးကျ ကိန်းသေများ

လေယာဉ်ပြူတင်းပေါက်မှ မြင်နေရသော မြေပဲတောင့်ပုံကျွန်းလေးက တိမ်တိုက်တွေအောက်မှာ စိမ်းညို့ လျှက်။ ဒီမြေဒီဒေသက သူမကိုအေးစက်စွာ ကြိုနေမည်လား၊ ဒါမှမဟုတ် နွေးထွေးစွာ ကြိုနေမည်လား၊ သူမ မတွေးတတ်။ သေချာတာက သူမစိတ်တွေ အရမ်းလှုပ်ရှားနေခြင်းပင်။ လေယာဉ်မယ်လေးရဲ့ အင်္ဂလိပ်၊ တရုတ်နှစ်ဘာသာကြေညာချက်ကို သူမနားမလည်ပါ။ လေယာဉ်ဆင်းတော့မည့်အကြောင်း ပြောတာဖြစ်မည်။

ရှေ့ပိုင်းဆီမှ တဖြေးဖြေးလျှောက်လာသော လေယာဉ်မယ်က ခါးပတ်တွေကို တပ်မတပ်လိုက်ကြည့်နေ ပုံထောက်တော့ လေယာဉ်ဆင်းတော့မှာ သေချာပြီပေါ့။ အမည်မသိ မွန်းကြပ်မှုတွေက ရင်ထဲ ပြည့်သိပ်နေရဲ့။ ဘေးခုံမှ သူမသူငယ်ချင်းသည်လည်း သူမကဲ့သို့ ခံစားနေပုံရသည်။ တဖြေးဖြေး နိမ့်ဆင်း လာတာနဲ့ မြင်ကွင်းကပီပြင်လာသည်။ ပင်လယ်ပြင်နှင့်ကပ်လျက် တောင်တန်းများ၊ အဝေးပြေးလမ်းမ ကျယ်ကြီးများ၊ အထပ်မြင့်အဆောက်အဦးများ။ နယ်မြေသစ်မှာ စတင်ရမည့်စာမျက်နှာတွေက သပ်ရပ် သန့်ရှင်းနေဖို့ ဆုတောင်းခြင်းမှလွဲ၍ သူမဘာတတ်နိုင် ပါမည်လဲ။
…………………………………………

သင်တန်းချိန်သာပြီးသွားသည် နားလည်သလိုလို နားမလည်သလိုလိုနှင့် သေချာပြန်တွေးတော့ ဘာမှ နားမလည်တာသေချာသည်။ သင်တန်းဆရာမ ရွတ်ပြသလို နောက်ကလိုက်ရွတ်နေရင်း ရှေ့ခုံကလူ တံတွေးမစင်အောင်မနည်း ထိမ်းထားရသည်။ အသံထွက်ပီအောင် ဘယ်လိုမှ လိုက်ပြောလို့မရ။ သူမလိုပဲ တစ်ခြားလူများလည်း တစ်ခွန်းပြောလိုက် ပြောတဲ့လူကြည့်ပြီး တစ်ခြားလူတွေက ရယ်လိုက်နှင့် စကားပြောသင်ချိန်မှာ ပစ္စက္ခကို အမောပြေစေ၏။ မနက်ပိုင်း ဆေးစစ်ရင်းဖြည့်ထားသော ကိုယ်ရေး မှတ်တမ်းမှ အရပ်အမြင့်၊ အလေးချိန်၊ အချိုးအစား အခြေပြစာရွက်မှ လိုင်စင်ဓါတ်ပုံလေးက သူမကို ပြန်ပြုံးကြည့်ရင်း အားပေးနေသလိုလို။

“မနက်ဖြန်ကျရင် တိရိစ္ဆာန်ရုံလိုက်ပို့ရင်း ဓါတ်ပုံရိုက်မယ်တဲ့”
ဘေးနားက သူငယ်ချင်းပြောစကားကို သူမ သိကြောင်း ခေါင်းညိတ်ပြရင်း…
“ညနေကျရင် အဝတ်သုံးစုံဆီ ပေးမယ်ပြောတယ်”
“ဟာ ပွတာပဲ.. ငါကြိုက်တဲ့ ဖက်ဖူးရောင်လေးရရင် သိပ်ကောင်းမှာပဲ”

အပူအပင် သိပ်မထားတတ်သော သူငယ်ချင်းကို သူမမျက်စောင်းထိုးမိသည်။ အမှန်တော့ သူမနှင့် သူမသူငယ်ချင်းသည် တနယ်တည်းမဟုတ်။ သူမကမြောက်ပိုင်းသူ သူမသူငယ်ချင်းသည် တောင်ပိုင်းသူ လေယူလေသိမ်း တော်တော်ကွာသည်။ ခပ်အေးအေးနေတတ်သော သူမနှင့် ပျော်ပျော်နေတတ်သော သူမသူငယ်ချင်း ဒီနိုင်ငံထွက်လာခါနီး တခန်းထဲအတူတူ နှစ်ရက်နေခဲ့ရာမှ စတင်သိရတာဖြစ်သည်။ ဘာဖြစ်ဖြစ် မနက်ဖြန် အရိုက်ခံရမယ့် စတေဓါတ်ပုံတွေအတွက် သူမစိတ်လှုပ်ရှားနေမိတာက အမှန်ပါ။
……………………………………..

“ဟဲ့ ကြောင်လျှောက်သလို လျှောက်ပါဆိုမှ ဘယ့်နှယ် ဘဲသွားသွားနေတာလဲ”

ဝါးကနဲ ရယ်သံတို့ ခန်းမထဲပြည့်လျှံသွားသည်။ သူမလည်း စိတ်လိုလက်ရရယ်မိ၏။ သူမဆိုရင်ကော  ဘာတွေ ဖြစ်လာမည်လဲ။ မနေ့ညကတော့ အဆောင်မှာ ည၁၁ နာရီလောက်အထိ အစမ်းလျှောက်ကြည့် ခဲ့ပြီးသား။

“ပေါင်နှစ်ခုကို ပွတ်လျှောက်ပါဆို.. ခြေထောက်ကို ကြမ်းနဲ့လွတ်ရုံ ရှပ်သွားပါဆို.. ကျွတ်လိုဆန့်ငင် ဆန့်ငင် လုပ်ပြန်ပြီ”
“အေး ဟုတ်ပြီ ဆယ့်ငါးလှမ်းတိတိမှာရပ်၊ နောက်ခြေဖဝါးနဲ့ ရှေ့ခြေဖဝါး ထောင့်မှန်ကျပလေ့စေ…”

“ရှေ့ထွက်နေတဲ့ခါးပေါ် လက်ကိုရွရွလေးတင်၊ တင်ပါးကိုမြှင့်ပြီးထုတ်၊ မျက်နှာခပ်မော့မော့လေးထား”

“အေး ဟုတ်ပြီ နောက်တစ်ယောက် နံပါတ် ၁၈”

သူမအလှည့်ရောက်ပြီ။ သေချာအောင် ခါးမှာကပ်ထားသော အသဲပုံနံပတ်ပြားလေးကို ငုံ့ကြည့်ပြီး ဝိုင်းထားသော လူအုပ်ရှေ့ထွက်လိုက်သည်။ တင်းထားသောစိတ်က ဘယ်ဆီလွင့်ကုန်မှန်းမသိ၊ စီးကျင့်မရှိသော ခွာမြင့်ဖိနပ်ကြောင့် ခြေဖဝါးတို့ကျင်နေသည်။ စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချလိုက်ပြီး သူမစတင်လမ်းလျှောက် လိုက်သည်။

“ဟုတ်ပြီ၊ မျက်လုံးက နာရီလက်တံလို ဖြေးဖြေးချင်းရွှေ့၊ မြင်နေရတဲ့လူတွေအကုန်လုံး ကိုယ့်အောက်လက် ငယ်သားတွေလို သဘောထားပြီးကြည့်”
သူမ သရုပ်ပြခြင်းပြီးတော့ လက်ခုပ်သံတွေ ဆူညံသွားသည်။

“ဟယ်… နင်လျှောက်တာနဲ့ မျက်နှာပေးက အရမ်းလှတာပဲ”

သူမနေရာပြန်ရောက်ရောက်ချင်း ဘေးကပ်လျှက်ခုံမှ ကောင်မလေးပြောစကားက သူမအတွက် အမှန် တကယ် ကြည်နူးမှုကို မပေးစွမ်းနိုင်ခဲ့။
…………………………………………..

ဘာလိုလိုနှင့် ဒီရောက်တာ နှစ်ပတ်ပြည့်ခဲ့ပြီ။ နေ့စဉ် ဘာသာစကားသင်တန်းတက်၊ လမ်းလျှောက်ကျင့်၊ စတေဓါတ်ပုံတွေရိုက်နှင့်သာ အချိန်ကုန်နေ၏။ အောက်ဒိုးဓါတ်ပုံ ရိုက်ထွက်ရတာကလွဲ၍ အဆောင်မှ အပြင်ထွက်ခွင့်မရ။ အဆောင်ဝရံတာမှ လှမ်းမြင်နေရသော ယန်းမိင်စန်းတောင်သည် ချယ်ရီးပန်းတို့ဖြင့် အပူအပင်မဲ့လှနေသည်။ နောက်တနေ့တော့ သူမအပြင်မှာမမြင်ဖူးခဲ့တဲ့ ချယ်ရီပန်းတွေ မြင်ရတော့မည်။ ယန်းမိင်စန်းတောင်ပေါ်ကပန်းခြံမှာ သူမတို့ တီဗွီကြော်ညာအတွက် ဗီဒီယိုသွားရိုက်ရမည်။

“မျက်နှာတွေ ချောင်၊ မျက်ကွင်းတွေ ကျနေမယ်၊ ဒီည စောစောအိပ်ကြ”
လို့  သင်တန်းဆရာမက နေ့လည်ကတည်က မှာလိုက်ပေမယ့် သူမ ညညအိပ်မပျော်တာ ရောက်ကတည်းကလေ၊ ငှက်ပျောတော အစပ်က သူမကြီးပြင်းခဲ့တဲ့ အိမ်လေးကို လွမ်းနေတတ်တာ၊ လယ်ကွင်းတွေထဲမှာ လွတ်လွတ် လပ်လပ် အမေအိုကြီးရယ် မောင်လေးနှစ်ယောက်ရယ် ပျိုးတွေကျဲရင်း ဆော့နေခဲ့တာ၊ ပီဘိ ကလေး တစ်ယောက်လို။ အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ မသိခဲ့တဲ့သူမ မနက်ဖြန်ဆို အသက် ၁၉ နှစ် ပြည့်ပြီ။ အမေတစ်ယောက် သူမမွေးနေ့မှာ အရင်လိုပဲ ဆုတွေတောင်းပေးနေမလား၊ သူမကိုပဲ သတိတရနဲ့ ငိုနေမလား သူမဆက်မတွေးချင်ပါ။ အမေအိုနဲ့ မောင်လေးနှစ် ယောက်အတွက် စွန့်စား ထွက်လာသော လမ်းအတွက် သူမဘယ်တော့မှ နောင်တမရချင်၊ မိမိရှေ့က အရင်လျှောက်ခဲ့ကြသော သူတွေလည်း အဆင်ပြေနေကျတာပဲလေ ဆိုတဲ့အတွေးနဲ့ ဘာသာနှစ်သိမ့်နေမိသည်။ နေလုံးကြီးက ဖျော့လျစွာ သူမကို ကြည့်ရင်း တောင်နောက်ဖက်ဆီသို့ တဖြေးဖြေး လိမ့်ကျငုပ်လျိုးသွားသည်။
…………………………………

တီဗွီမှလာနေသော သူမကြော်ညာကိုကြည့်ရင်း သူမသူငယ်ချင်းတွေက “နင် သိပ်လှတာပဲဟာ… နင်ကံကောင်းမှာပါ” လို့ ပြောတော့ ကျေးဇူးဆိုတဲ့စကား သူမပြန်မပြောဖြစ်တာ နားလည်ကြမှာပါ။ သူမ တကယ်ရော ကံကောင်းနိုင်ပါ့မလား။ ရလဒ်က ဘယ်လိုအဖြေထွက်လာမယ်မှန်း သူမ တွေးကြည့်ခဲ့ ဖူးပေမယ့် ရေရေရာရာအဖြေမရ။ သူမလိုပဲ အားလုံးက ကံစမ်းမဲဖေါက်သလို ရတဲ့ဆု လက်ခံ ရမှာပဲလေ။ ဘဝဆိုတာ ခေါင်းတလုံးထဲမှာရှိနေပါလျက် နောက်စေ့တစ်ခုအလား မျက်စေ့လို မြင်နိုင်စွမ်းမရှိ။ မျက်စေ့ချင်းတူပါလျက် ကိုယ်ကနှစ်လုံးအပိုပါနေတာတောင် ခြေထောက်မှာရောက်ရတာနဲ့ ကိုယ်အား ကိုယ်ကိုးပြီး အကွေ့အကောက်ကို မလျှောက်နိုင်တဲ့အဖြစ်။

ရွရွလေး လျှောက်နေသော တီဗွီထဲက သူမခြေလှမ်းများ။ ငါးစင်တီမီတာအမြင့် ခွာမြင့်ဒေါက် ဖိနပ်ပေါ်က သူမခြေဖဝါးများ။ စိတ်ကူးထဲမှာ ခွာတွေဖြုတ်ကြည့်နေမိသည်။ လွတ်နေသောဖနောင့်က ဒီဖိနပ်မပါပဲ ဘယ်လောက်ကြာကြာရပ်နေနိုင်ပါမည်လဲ၊ ဘဝဆိုတာ ခွာမြင့်ဖိနပ်တရံလို မူလအနေအထားထက်မြင့်မြင့် ကြာကြာရပ်တည်ဖို့အတွက် အခုအခံလေးတော့ လိုအပ်မည်ထင်သည်။
…………………………………………………

ခန်းမထဲမှ ပုရိသတွေကြည့်ရင်း သူမကြောက်နေမိသည်။ ဖြစ်နိုင်လျှင် သူမအလှည့် ကျော်သွားပါစေ ဆုတောင်းနေမိ၏။ တဖျတ်ဖျတ် လင်းလိုက်မှိတ်လိုက်ဖြစ်နေသော ရောင်စုံမီးလုံးများ။ အားကောင်းသော မီမောင်းများအောက်မှာ တေးသွားညက်ညက်လေးနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်မှာ သရုပ်ပြနေရပြီ။  တီ(T)ပုံ စင်မြင့်ညာဖက်ထောင့်မှာ သူမနေရာယူလိုက်တော့ ရှေ့ကတစ်ယောက် ခန်းမဖက်ကို ကြော့ကြော့လေး လျှောက်ထွက်သွား၏။ ကြောက်စိတ်တွေကို အံတချက်ကြိတ်ရင်း သူမနေရာယူလိုက်သည်။ အတွေးထဲ အမေရဲ့မျက်နှာနွမ်းဖတ်ဖတ်လေးကိုမြင်မိတော့ လတ်ဆတ်မှု မပါသော အပြုံးလေး စိတ်ကူးနဲ့ပြုံးပြမိ၏။

ရှေ့ကတစ်ယောက် စင်ဘယ်ဘက်ထောင့်ထဲ ဝင်သွားတဲ့အချိန်မှာ သူမ ခြေလှမ်းစတင်လိုက်ခြင်းဟာ သူမအနာဂတ်ကို ကတ္တားတင်ချိန်ဆက်လိုက်တာ ဘာသာသိနေသည်။ ခန်းမတစ်ခုလုံး အအေးဓါတ်ကြောင့် စိမ့်နေပေမယ့် သူမရင်တွေပူနေသလိုလို။ ဝတ်ထားတဲ့ဘီကနီဝတ်စုံက သားမွေးအနွေးထည်တခုလို ပူလောင်လွန်းလှပြီ။ ပရိတ်သတ်နဲ့ နီးလာလေလေ သူမပိုမိုမွန်းကျပ်လာသလို ခံစားရလေလေ။ ရပ်ရမည့်နေရာရောက်တော့ ဆရာမမှာသလို အကြည့်မျိုးနဲ့ ဝေ့ဝိုက်ဆွဲငင်ကြည့်ဖို့ ဘယ်လိုကြိုးစားကြိုးစား တကယ်တမ်းသူမကြည့်မိလိုက်တာက ကျားသစ်ပျိုမလေးရဲ့ မုန်းတီးတဲ့အကြည့်မျိုး။ စူးစူးရှရှ…။
……………………………………

“Camtuu ရေ… ဒီမှာ နင့်အမျိုးသားလောင်းလာနေတယ်၊ လက်ထပ်စာချုပ် လက်မှတ်ထိုးရအောင်”
စိမ့်ကနဲဖြစ်သွားတဲ့ကျောပြင်ကို အခန်းဖေါ်သူငယ်ချင်းက စာနာစွာပွတ်သပ်ပေးသည်။ သူမ ဘာလုပ် ရမှာလဲ… ကံပစ်ချသလို နေရတာဆိုပေမယ့်  အိပ်မက်တခုလို တစ်ခါတရံတော့ လှပနေချင်သည်။ အပေါ်ထပ်လှေခါးပေါ်မှ ဆင်းလာတဲ့သူမကို ဧည့်ခန်းဆက်တီပေါ်မှ သတို့သားလောင်းက မမှိတ်မသုံ ကြည့်နေမည်ဆိုတာ သိနေသည်။ တလှမ်းချင်းဆင်းလာတဲ့ သူမ…  သတို့သားလောင်းရဲ့ သားရေရှူး ဖိနပ်ကို စမြင်ရပြီ။ ထိုမှ အနက်ရောင်ရင့်ရင့် စတိုင်ဘောင်းဘီကြေမွမွ။ ဒူးခေါင်းနှစ်ဖက်ပေါ်တင်ထားတဲ့ လျော့တိလျော့ရဲအရေပြားနှင့် လက်တစုံ။ စပို့ရှပ်အပြာစင်းအောက်က ခပ်ဝဝခန္ဓာကိုယ်။ ပိကျနေတဲ့ မျက်ခွံတွေအောက်က ခပ်မှိန်မှိန် မျက်လုံးတစုံ။ ဒါဟာ သူမရဲ့ အိမ်ထောင်ဖက်တဲ့လား။

“သူ့နာမည်က အားဝှါ။ အလုပ်က ဆောက်လုပ်ရေး ပန်းရံဆရာ။”
သူမ ခေါင်းညိတ်မိသလား ခေါင်းခါမိသလားမပြောတတ်။
“ညီမကို NT$ သောင်း၃၀  နဲ့ ကုမ္ပဏီမှာတင်တောင်းထားတာ၊ ၁၃ သောင်းက ကုမ္ပဏီဝန်ဆောင်ခ ကျန်တာက ညီမအတွက်”
“လက်ထပ်ပြီး နှစ်ပတ်မှာ ARC (alien resident certificate) ရမယ် ။ နောက် ၃နှစ်နေရင် နိုင်ငံသား လျှောက်လို့ရပြီ။”
“အဲဒီအချိန်ကျတော့ ညီမရဲ့ မိသားစုကို ပြန်သွားခေါ်လို့ရပြီပေါ့”

ကုမ္ပဏီအကျိုးဆောင်ရဲ့ စကားများ သူမနားထဲ ဝင်တစ်ချက်မဝင်တစ်ချက်။
ဆုံးသွားသော သူမဖခင်ထက် ဆယ်စုနှစ်နီးပါးကြီးသော လူတစ်ယောက်က သူမရဲ့ခင်ပွန်းဖြစ်လာလိမ့် မယ်လို့ ဘယ်တုန်းကမှ တွေးမထားမိခဲ့ပါ။ စာချုပ်တွေအရ သူမငြင်းပိုင်ခွင့် ရှိပေမယ့် ပြန်လျော်ရမည့် စရိတ်က….။ သူမဆက်မတွေးချင်တော့…..။
……………………………………….

မင်္ဂလာစုံတွဲ ၁၅တွဲ တစ်ပြိုင်တည်း ကုမ္ပဏီခန်းမမှာ မင်္ဂလာဆောင်တော့ သူမလိုပဲ အရာအားလုံး ထူးမခြား နား။ အောင်ပွဲခံသတို့သားတွေကို ချိတ်ထားတဲ့ လက်တွေမှာ အင်းအားမဲ့နေကြပေမယ့် သူမတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ခပ်ယဲ့ယဲ့လေးပြုံးပြနေကြဆဲ။ ဒီလိုအပြုံးမျိုးက တစ်ဘဝလုံးစာ အကျင့်ပါ တော့မည်ထင်။ ဗီယက်နမ်ကမ်းခြေက ရွာလေးမှာကြီးပြင်းခဲ့တဲ့သူမ ပင်လယ်တွေပတ်ချာလည်နေတဲ့ ဒီထိုင်ဝမ်ကျွန်းလေးမှာ ဘဝရဲ့တစ်သက်တစ်ကျွန်းစံ ဖြစ်တော့မည်လား။ မင်္ဂလာအခမ်းအနားကို မင်္ဂလာ အနမ်းနဲ့သိမ်းပါမယ့်ဆိုတဲ့ ကြေညာချက်နောက် သူမနှုတ်ခမ်းပေါ်ရောက်လာတဲ့ သတို့သားရဲ့နှုတ်ခမ်း အစုံကို မိချောင်းတစ်ကောင် သားတစ်ဟပ်လိုက်သလိုသာမြင်ရင်း သူမမျက်လုံးတွေ ပိတ်ချလိုက်မိသည်။ ပါးပြင်ထက်မှ နွေးကနဲဖြစ်သွားတဲ့ မျက်ရည်စီးကြောင်းနဲ့ဆန့်ကျင်စွာ ရင်တစ်ခုလုံးမွစာကြေလျက် အေးစက်နေသည်။
………………………………………………
အရင်တစ်ပတ် ဆေးရုံမှ ပြန်လာပြီးကတည်းက သူမယောင်္ကျား သူမအပေါ်ဆက်ဆံပုံတွေ ပြောင်းလာ ခဲ့သည်။ သူမအပေါ် ဂရုစိုက်ခြင်း ဂရုမစိုက်ခြင်းက သူမအတွက် ထူးခြားသော ခံစားမှုကို မဖြစ်စေခဲ့။ ဆရာဝန်ရဲ့အဖြေက သူမအတွက် မည်သို့မျှမထူးခြားသော်လည်း သူမယောင်္ကျားအတွက် “မိန်းခလေး” ဆိုသောအဖြေက သူမကိုသာ ထောင့်ကျဉ်းတစ်ခုထဲ ဆွဲထည့်ခံခဲ့ရသည်။ သူမဘာလုပ်လုပ် အပြစ် တစ်စုံတရာက အသင့်စောင့်နေခဲ့ပြီးသား။ ယောင်္ကျားလေးမွေးမှ မျိုးရိုးဆက်ရှင်သန်နိုင်မှာတဲ့လား။ သေရင် ဘယ်သူကလာကန်တော့မှာလဲဆိုတဲ့ အယူအဆတွေအောက်မှာ သူမကို တစစနှစ်နေတာလား။ သေပြီးတဲ့နောက် ဘာတွေများ သူတို့ထပ်လိုချင်ပါသေးသလဲ။ သူမမတွေးတတ်။ အမေ့ကို သတိရစိတ်နဲ့ ပြန်ချင်ပေမယ့် “သမီး လစဉ်ပို့တဲ့ငွေနဲ့ အခုဆို အမေတို့အရမ်းအဆင်ပြေတယ်သမီး။ သမီးမောင်လေး တွေလည်း ကျောင်းပြန်တက်နေကြပြီ.. လိမ်လိမ်မာမာနေနော်သမီး” ဆိုတဲ့ အမေ့စာလေးဖတ်တိုင်း ကြံတချောင်းလို ကြိတ်စက်ထဲ သူမစိတ်ဓါတ်တွေ အလျားလိုက်ထည့်ခဲ့ရတာ ခဏခဏလေ။
……………….
………………………….
နီတာရဲ သမီးလေးကိုကြည့်ရင်း ကြည်နူးစိတ် ချစ်စိတ်တွေကတားမရ။ အမေလည်း သူမကို ဒီလိုပဲချစ်ခဲ့မှာ သေချာသည်။  သူမငုံ့ကြည့်နေတဲ့သမီးလေးကို အပြာနုရောင်ဝတ် နပ်စ်မလေးက တစ်ခြားမွေးမိခင် တစ်ယောက်ရင်ခွင်ထဲသွားထည့်တော့ သူမလိုက်တားနေမိသည်။ “ကျမသမီးလေး ဘယ်ခေါ်သွား မလို့လဲ” သူမတောင်းပန်တိုးရှိုးပြောသံက လည်ချောင်းဝတွင် တိမ်ဝင်သွား၏။ သူမအားစိုက် ပြောပေမယ့်လည်း  အသံတို့ထပ်ထွက်မလာ။  တောင်းပန်တဲ့သူမအကြည့်ကို ဆရာဝန်ကလည်း အသိအမှတ်မပြု။
“ကျမသမီးလေး ပြန်ပေးကျပါရှင်”
“မေမေ…မေမေ” သူမအနားကပ်ခေါ်လိုက်တဲ့ ဆည်းလည်းသံလေး….။
ပြီးတော့ သူမရင်ခွင်ထဲ ဘယ်အချိန်က ရောက်နေမှန်းမသိလိုက်တဲ့ သမီးလေး။ သမီးလေးကို မြတ်နိုးစွာ သူမငုံ့နမ်း လိုက်သည်။

“ကျနော် ဂရုမစိုက်လို့ဒီလိုဖြစ်သွားတာပါ ဆရာ..”
ဒီအသံ …ဟုတ်ပါတယ် ဒီအသံ သူမ အလွန်တရာမှ မုန်းတီးခဲ့တဲ့ အသံ။
“ခင်ဗျားက ဆေးရုံမှလာမပြတာ၊ မှတ်တမ်းထဲမှာ ကိုယ်ဝန်ငါးလကတည်းက တစ်ခါမှမလာဘူး”
“ကဲ.. ကဲ.. ကျနော်တို့ ကလေးရောမိခင်ပါ ရေခဲတိုက်ပို့တော့မယ်…”

ဆရာဝန်ရဲ့စကားအဆုံး သူမထိတ်လန့်စွာ ကုတင်ပေါ်မှ အလောင်းကို ကြည့်လိုက်မိသည်။ ဒါဆို သူမ……။

ခေါင်းငုံ့နေသော သူမယောင်္ကျား.. ဘာတွေတွေးနေမလဲ သိချင်လိုက်တာ။ အမှားတွေအတွက် နောင်တ တွေများ ရနေမည်လား။ ဒါမှမဟုတ် သူမအတွက်တင်ထားသော အသက်အာမခံကြေး အလျော်ရမည့် ငွေကို တွက်နေမည်လား။

အဲ့.. ကနဲ သမီးလေးငိုသံက သူမအတွေးတွေကို ရပ်တန့်ပစ်လိုက်သည်။
သေဆုံးခြင်းနဲ့ ရှင်သန်ခြင်း ကြားထဲမှာ ဘဝဆိုတာ ရှိတယ်သမီးလေးရယ်…
အဲဒီဘဝတစ်ခု သမီးလေး ရရောရခဲ့ရဲ့လား…
အဲဒီဘဝတွေရှင်သန်ဖို့အတွက် စားဝတ်နေရေးဆိုတာရှိတယ်သမီးလေး…
အသက်ဓါတ်လေး တွယ်ကပ်နေဖို့ ဘဝတွေကို အလဲထပ်လိုက်ရတာတွေ။ အဲတာတွေအတွက် တိုက်ရိုက် အချိုးကျတဲ့ ညီမျှခြင်းတစ်ခုလို တစ်ဖက်ဖက်မှာတော့ ကိန်းသေတခုခုထားပေးရမှာပဲ သမီး…..
မေမေတို့လို ဘဝတွေအတွက်တော့ အဲဒီကိန်းသေဆိုတာ …..
အဲဒီ ထားပေးရမယ့် ကိန်းသေဆိုတာက……….
အင်း..သမီးလေး ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲလေ……..။  ။

ဘဝအမောများပြေပါစေ..
(MTK)

*မင်းသုခ ဆိုတဲ့နာမည်တွေ နောက်ထပ် (၃)ယောက်ပေါ်လာတဲ့အတွက် ယနေ့မှစ၍ (MTK)ဟု ပြောင်းလိုက် ပါသည်။* နာမည်ဆိုတာ သတ်မှတ်ချက်တစ်ခုသာဖြစ်သဖြင့် မည်သည့်ခံစားချက်မှမထားပါ ကိုယ်က ဘာကောင်မှလည်း မဟုတ်တာကြောင့် ထင်ပါသည်။

14 Responses to “ တိုက်ရိုက်အချိုးကျ ကိန်းသေများ ”

  1. စိတ်မကောင်းစရာ ၀ထ္ထုလေးပါ အကို။ ဘယ်သူတွေကို အပြစ်တင်ရမှာလဲ ??? သူမရဲ့ ဘ၀ပေး ကုသိုလ်ကိုလား? ဒါမှမဟုတ် သားယောကျာင်္းလေး မဟုတ်လို့ဆိုတဲ့ မိရိုးဖလာ အယူအဆတွေလား? လူတွေကို နှလုံးသားမရှိ အရုပ်တရုပ်လို လောင်းကြေးထပ်ပြီး အပေးအယူလုပ်နေကြတဲ့ သူတွေကိုလား?
    နောက်ဆုံးတော့ မိသားစုရဲ့တာဝန်ကို ဘ၀နဲ့လဲပြီး ပေးသွားတဲ့ သူမရဲ့သတ္တိကိုတော့ လေးစားပါတယ်။ ဒါပေမယ့် စိတ်တော့မကောင်းဘူးပေါ့ အကိုရာ။ ဒီလိုဘ၀တွေက မိန်းခလေးတွေ ဒီဝဋ်ဆင်းရဲတွေက ဘ၀ဆက်တိုင်း လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ခင်မင်လေးစားလျှက်

  2. တောင်ပေါ်သား says:

    ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ အစွဲကြီးလွန်းတဲ့ လူတယောက်ကြောင့် အသက်တွေ ပေးလိုက်ရတာ ရင်နာစရာပါ။ တော်တော်လေးကို နှစ်သက်မိတယ်အကိုရေ ကျေးဇူးပါ

    လေးစားလျက်
    တောင်ပေါ်သား

  3. ဖတ်နေရင်း ရင်ထဲမှာ တမြေ့မြေ့ ခံစားရပါတယ်။ ဖတ်ပီးသွားတော့ ရင်ထဲ မောဟိုက် ကျန်ရစ်ခဲ့ရတယ်။

    “ဘဝဆိုတာ ခွာမြင့်ဖိနပ်တရံလို မူလအနေအထားထက်မြင့်မြင့် ကြာကြာရပ်တည်ဖို့အတွက် အခုအခံလေးတော့ လိုအပ်မည်ထင်သည်။”

    “ကြံတချောင်းလို ကြိတ်စက်ထဲ သူမစိတ်ဓါတ်တွေ အလျားလိုက်ထည့်ခဲ့ရတာ ခဏခဏလေ။”

    ကျွန်တော် အတုယူမှတ်သားသွားတဲ့ အရေးအဖွဲ့လေးတွေပါ အကိုရေ။
    ဒီလိုဘ၀လေးတွေ အပြင်မှာ တကယ် ၇ှိနေသလို အခုလို စူးစူးနင့်နင့်ရေးဖွဲ့ပြနိုင်တဲ့ အကို့ကိုလဲ လေးစားအားကျရပါတယ်။
    ခုလို ရသကောင်းကောင်းနဲ့ ပညာပေးစာပေတွေ အများကြီး ဆက်လက်ရေးဖွဲ့နိုင်ဖို့လဲ မျှော်လင့်ပါတယ်ခင်ဗျာ။

    ချစ်ခင်လေးစားစွာဖြင့်

  4. flowerpoem says:

    ဖတ်ပြီးတော့ အတော်လေး စိတ်မကောင်းပါဘူးရှင်. . .

  5. nayminn says:

    အကိုေ၇………… ဖတ်ရတာ ရင်ထဲမကောင်းဘူးဗျ..
ေ၇းတတ်လိုက်တာ…တကယ်ကောဖြစ်နိုင်ပါ့မလား?

  6. သဘောကျတယ် ရသပါတဲ့ စာလေးတွေကို စိတ်နှလုံးက ဆာနေတာ

    မကြာမကြာဖန်တီးပေးပါ

  7. Dream says:

    ဟာာ ဦးဦးမင်းသုခက တော်တော်ဆိုးတာပဲ… လူကို ရင်ထဲ ဟာတာတာ ဖြစ်အောင် ရေးတတ်တယ်… စိတ်မကောင်း ဖြစ်ကျန်ခဲ့တယ်…
    ရင်ထဲမှာ နဲနဲ ထိသွားတော့ မောတောင်မောတယ်.. :(

    နှလုံးက မကောင်းဘူးဗျ..အဲ့လောက်ထိ ခံစားရအောင် မလုပ်နဲ့နော်…. အဟင့်..

    စာအရေးအသား အရမ်းကောင်းတော့ လူကို ဇာတ်လမ်းထဲ မျှောသွားတယ်။ စွဲဆောင်မှုကတော့ ရှယ်ပဲနော် ဦးဦးက….း)

  8. Blue Rose says:

    မေယ်ဒယ် ကောင်မလေးအကြောင်းထင်နေတာ..ပြီးမှ ဟွန်းးးးးး
    ရက်စက်လိုက်တာနော်…
    ဝတ္ထုထဲနစ်သွားတာ… စိတ်မကောင်းဖြစ်ပြီး ငိုတောင်ငိုရတယ်..
    ကောမစ် မရေးချင်ပေမဲ့ မနေနိုင်ဘူး..နောက်အဲလိုမရေးပါနဲ့လား
    စာရေးအရမ်းတော်ပါတယ်…
    လေးစားစွာဖြင့်

  9. တိုက်ရိုက် အချိုးကျတယ်တယ်လား…

    အစကတည်းက ဘဝက အချိုးမညီတဲ့ကိန်းသေ..

    ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား ကြံတစ်ချောင်းလို အရည်မကုန်မချင်း ကြိမ်ဖန်များစွား ထိုးကြိတ်ခံရတဲ့ဘဝ..

    မလှပခဲ့ဘူး…

    ဘဝဆိုတာ မောစရာပါ

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

  10. ဇာတ်လမ်းအရှည်ကြီးကို ဝတ္ထုတိုလေးဖြစ်အောင် ချပြသွားတာလေးက အရမ်းပညာပါတယ်ဗျာ… ဖုံးထားတဲ့ အပိုင်းလေးတွေ ချဲ့တွေးမိတဲ့အထိ ထင်ဟပ်သွားတဲ့ ခံစားမှုရသမြောက် စာတစ်ပုဒ်ပါပဲ..

    လေးစားအားကျ အတုယူသွားပါတယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

  11. ကျွန်တော်အကို့ဝထ္ထုကိုဖတ်ပြီးတော့ တွေးမိတာလေး
    သေဆုံးသွားတဲ့ မိန်းကလေးက သူ့သမီးလေး အပေါ်မှာ ထားတဲ့ မေတ္တာလိုမျိုး သူမရဲ့ မိခင်ဖြစ်သူရဲ့ ရင်ထဲမှာရော သူ့သမီးလေး သေဆုံးသွားမှန်း သိခဲ့ရင် ဘယ်လို ခံစားရမလဲ
    ဘယ်လောက်ထိ ယူကြုံးမရဖြစ်လိုက်မလဲ ဘယ်လိုဖြေဆည်မလဲ အဲဒီလို အတွေးတွေနဲ့ မြုပ်ထားတဲ့ ဇာတ်ကောင်ဖြစ်တဲ့ ကောင်မလေး အမေနေရာက နေ တွေးတော ခံစားမိသွားတယ် အကို။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

  12. yegyi says:

    ဖြစ်နိုင်လျှင် သူမအလှည့် ကျော်သွားပါစေ ….. ဒီလို အရေးအသားတွေက သဘာဝ ကျတယ်ဗျို့ ၀တ္ထုကလည်းကောင်းဗျာ

  13. ko ko free says:

    Hello, very long and tall no see. I am always remember blog friends. But….But…I am like a bird in Golden Cage. I cannot fly as much as I wished. Very bad Banner banned blogspot site. I wanna cry too after reading your posts. So please send me handkerchief to wipe out my invaluable tears. So inform others that I will change my place to facebook. SEe you there! Good Bye!
    Original ko ko free.

  14. YoungGun says:

    ရသဆို လှည့်ကြည့်လေ့မရှိတဲ့ ကျနော့်အဖို့ သင်ခန်းစာတွေ ထပ်ရတဲ့နေ့ပါပဲ။ ဒါမျိုးတွေ ရှိလားလို့ ပေါင်ချိန်ကြီးလို မမေးရက်ပါဘူး။ ဒါမျိုးတွေ ရှိနေတာလည်း .. သဘာဝရဲ့ ကြည့်မကောင်းတဲ့တန်ဆာပလာလိုပါပဲလားနော်။

Leave a Reply