“အမြည်းတို့ရဲ့ ဒဏ္ဍာရီ”

မိုးမောင်ရေးသော ၀တ္ထုတိုတွေက အရက်နဲ့လွတ်တာကို မရှိဘူးလို့ သူငယ်ချင်းတွေက ပြောကြတယ်ဗျ..။ ၀တ္ထု တိုတွေ ဆိုလို့ အထင်ကြီးမသွားနဲ့အုံး၊ တင်ခဲ့သမျှ အားလုံးပေါင်းမှ လက်ငါးချောင်းစာတောင် ခပ်ပျော့ပျော့ရယ်၊ အဲဒီ့ ပိုစ့်တွေကလည်း စိတ်ထဲ မကျေမနပ်နဲ့ (အမှန်တော့ မလုပ်တတ်တော့လို့) တင်ခဲ့ရတဲ့ ပိုစ့်တွေချည်းပဲ…။
1)
မြန်မာလူမျိုးတွေ အားနာတတ်တယ်ဆိုတာ ဒီနေရာမှာ ကျနော့်အတွက် တော်တော် အသုံးဝင်တယ်၊ ဘာလို့လဲဆိုတော့ ကျနော့်စာ လာဖတ်တဲ့သူတွေက ကျနော့်ကို အားနာလို့နဲ့ တူတယ် ဆဲဆို မသွားကြဘူး။ ရေးမိတာတွေကလည်း စာပေါတွေဆိုတော့ တင်သာ တင်ခဲ့ရတယ် ရင်တထိတ်ထိတ်..း)။
2)
အဲ.. ခုနစကားပြန်ဆက်မယ်.. အရက်နဲ့ မလွတ်တဲ့ ကိစ္စ…။ ကျနော်တို့ ကြုံဖူးသမျှ အရက်ဆိုင်တွေမှာ သတိ ထားမိခဲ့တာလေး တစ်ခုရှိတယ်ဗျ၊ အဲဒါကတော့ အမြည်း.. အရက်ဆိုင်တိုင်း ဆိုင်တိုင်းမှာ အမြည်းကောင်း တစ်ခုတော့ ရှိတယ်၊ အရက်ဆိုင်တွေရဲ့ အကောင်းဆုံး လက်စွမ်းပြတွေပေါ့၊ ဘာမဟုတ်တဲ့ လမ်းဘေးဘုံဆိုင် တောင် (ကိုကိုဖရီး သောက်နေကျ) အနည်းဆုံး လဖက်သုတ်တော့ ကောင်းတယ်..။ ဆိုင်တွေကလည်း သူတို့ အမြည်းတွေကို မြင်သာ ထင်ရှားစေဖို့ စာလုံးခပ်ကြီးကြီး ရေးပြီး နံရံတွေမှာ ကပ်ထားကြတယ်၊ တချို့က မီနူးကတ်ဒ်လေးတွေလုပ်ပြီး သပ်သပ်ရပ်ရပ်။ ရောင်းရင်းတို့လည်း မြင်ဖူးကြမှာပါ…။ “ယနေ့..ဆိတ်ပဲ ရပြီ” (ဆိတ်သားနှင့် ချက်သော ပဲဟင်း)တို့ ဘာတို့ပေါ့..။
3)
တခါတော့… ဟင်္သာတမြို့ကို အလည်သွားခဲ့တယ်၊ အဲဒီရောက်တော့ နယ်ခံဘော်ဘော်က အလိုက်တသိပဲ.. ရောက်ရောက်ချင်း ရှပ်ကီဆိုင်ကို ခေါ်သွားတယ်ဗျ၊ ဆိုင်ရောက်တော့ ထုံးစုံအတိုင်း အရက်နဲ့ အမြည်း တခါတည်း တွဲမှာတာပေါ့။ အဲဒီမှာ အမြည်းကို သူငယ်ချင်းကမှာလိုက်တာက “အူကြောင်ကြား တစ်ပွဲဟေ့” လို့ မှာလိုက်တယ်၊ ကျနော် မကြားဖူးတော့ နည်းနည်းထူးဆန်းသွားတာပေါ့၊ ဘော်ဒါကို မေးကြည့်တော့ သူကလည်း မပြောဘူး.. လာတော့မှ ကြည့်ပါတဲ့။
4)
သူက ဒကာဆိုတော့ ကိုယ်ကလည်း အထွန့်မတက် ရဲဘူးပေါ့၊ မှာလိုက်တာက ဂရမ်းရွိုင်ရယ်နဲ့ “အူကြောင်ကြား” ဆိုတော့ ကိုယ်မစားတတ်တဲ့ အကောင်ပလောင် အမြည်းဖြစ်နေမှာ စိုးတာကြောင့် အစာမကြေတတ်လို့ အမြဲဆောင်ထားတဲ့ ဦးချိန်တီ လျက်ဆားဗူးလေးကို အသာထုတ်ပြီး စားပွဲပေါ် ခပ်တည်တည်နဲ့ တင်ထားလိုက် တယ်။ အဲဒီတော့ ဘော်ဒါက မျက်စောင်းထိုးပြီး ကျနော့်ကို လှမ်းဟောက်တယ် “ငါ့မြို့လာပြီး အရှက်ခွဲတာ လား” တဲ့။ “မင်းဗူးကြီး ပြန်သိမ်းလိုက်.. အရက်သမား သိက္ခာကျတယ်” ဆိုပဲဗျ။ ထိုင်တော့ လမ်းဘေးဆိုင်း)။ သူ့ဆီကို လာလည်တာ သူက ဒီလိုပြောတော့ မိုးမောင်လည်း အားငယ်သွားပြီး မျက်နှာငယ်လေးနဲ့ ကိုယ့်လျက် ဆားဗူးလေး ပြန်သိမ်းလိုက်ရတယ်။
5)
မကြာပါဘူး… ဂရင်းရွိုင်ရယ်နဲ့ “အူကြောင်ကြား” ဆိုတာကြီး စားပွဲထိုးက ယူလာတယ်၊ မိုးမောင်လည်း အူ ကြောင်ကြားကို သိချင်ဇောနဲ့ ပျာပျာသလဲ အမြည်းပန်းကန်ကို ကြည့်မိတယ်၊ အလဲ့.. ဆန်းတော့ ဆန်းသားဗျ..။ ဆတ်သားခြောက် မွမွလေးတွေရယ်၊ လဖက်အသားရယ်ကို ဆီလေးဆမ်းပြီး ရောသမမွှေထားတယ်။ ပြီးတော့ နှစ်ပြန်ကြော်လေးကို ဘေးနားက သပ်သပ်ရပ်ရပ် တည့်ခင်းထားလို့ပေါ့။ မြင်ကွင်းက ခမ်းနားတော့ အရက် ကလေး တကြိုက်မော့ရင်း အူကြောင်ကြားကို ထိတွေ့ကြည့်လိုက်တယ်။ ဆန်းသစ်တဲ့ အရသာနဲ့ ပူဆင်းသွားတဲ့ အရက် တော်တော်လေး Rhythm ဖြစ်တာ တွေ့ရတယ်ဗျး)။
6)
“အူကြောင်ကြား” အရသာနဲ့ မိုးမောင်တို့ သူငယ်ချင်း နှစ်ယောက် ဗယ်ညာချီတက်လိုက်တာ ဂရင်းရွိုင်ရယ် ထောင့်သုံးလုံး ပြိုသွားတယ်၊ ကိုယ့်အရပ် ကိုယ့်ဒေသ မဟုတ်တော့ ဒီလောက်နဲ့ တော်သင့်ပြီ ဆိုပြီး သူငယ်ချင်း အိမ်ကို ပြန်ခဲ့တယ်။ အဲဒီညက တွံတေးသိန်းတန်ကအစ မျိုးကြီးအဆုံး သီချင်းတွေ အော်ဆိုမိလို့ ဘော်ဒါရဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ ခွေလိုက်ရသေး..း)။ ပြီးတော့ ဖိနပ်လဲ ဘယ်မှာ ကျွတ်ကျန်ခဲ့မှန်း မသိတောဘူး။ ဒါက “အူကြောင်ကြားနဲ့ ဇာတ်လမ်း”…..။
7)
ရန်ကုန်မြို့။… မြို့ထဲက ယခုဖျက်ပြစ်လိုက်ပြီ ဖြစ်တဲ့ လဟာပြင်ဈေးဆို တော်တော်များများ သိခဲ့ဖူးမယ် ထင်ပါ တယ်။ တချို့ကလည်း ဘေထုပ်တွေ ရောင်းလို့ ပုံပုံကြီး စတိုးလို့ ခေါ်တာ ကြားဖူးမှာပေါ့။ အဲဒီနားမှာ အမှတ်(၃)ကားတွေ ဂိတ်ထိုးတယ်၊ ကားသမားတွေ ဂိတ်ထိုးတဲ့ နေရာဆိုတော့ သိတဲ့အတိုင်းပဲ အရက်ဆိုင်သုံးလေးဆိုင်က ရှိပြီးသား။ မြို့ထဲမှာဆိုတော့ သပ်သပ်ရပ်ရပ် ဆိုင်လေးတွေပေါ့ဗျာ။
8)
တစ်နေ့.. မိုးမောင်နဲ့ လက်ဖော်လက်ဖက် အဲဒီ ဟင်္သာတက သူငယ်ချင်းကို ရန်ကုန်အလည်ခေါ်ပြီး မြို့ထဲ မင်္ဂလာရုံမှာ ရုပ်ရှင်သွားကြည့်တယ်၊ ရုပ်ရှင်ပြီးတော့ ညနေစောင်းနေပြီ၊ ပြီးတော့ မိုးတွင်းလည်းဖြစ်ပြန် ရုပ်ရှင်ရုံထဲက လေအေးပေးစက်က လွှတ်အေးဆိုတော့ ရုပ်ရှင်ပြီးတယ် ဆိုရင်ပဲ.. ဟဲ..ဟဲ၊ ရုပ်ရှင်ရုံနဲ့ နီးတဲ့ အမှတ်(၃)ကားဂိတ် ဆိုင်တန်းလေးကို ရောက်ဖြစ်ခဲ့တယ်။
9)
ဒီတခါတော့ မိုးမောင် ဒကာပေါ့ဗျာ… သူငယ်ချင်းကို မှာချင်တာမှာစေ ဆိုပြီး General Power လွှဲလိုက်တယ်၊ သူကလည်း သောက်နေကျ ဂရင်းရွိုင်ရယ်နဲ့ ကုန်းဘောင်းကြီးကြော်၊ ချိုချဉ်ကြော် တစ်ပွဲစီမှာလိုက်တယ်။ ဆိုင်က ညနေစောင်းလည်း ဖြစ်ပြန် ရုံးဆင်းချိန်လည်း ဖြစ်ပြန်တာကြောင့် သောက်သုံးသူတွေနဲ့ စည်ကားလို့ နေတာပေါ့။ မကြာခင်မှာပဲ အရက်ကတော့ ရောက်လာတယ်၊ အမြည်းက ကြာအုံးမယ် စောင့်ပါလို့ ပြောပြီး စားပွဲထိုးက တခြားဝိုင်း တွေကို ကူးသွားတယ်။ အရက်တော့ ရောက်ပြီး အမြည်းမရှိတော့ အဆင်မပြေတာမို့ မီနူးထဲက တခြား မြန်မယ်ထင်တဲ့ အမြည်းကို ရှာရတော့တာပေါ့။ မီနူးရဲ့ အောက်ဖက်နားလေးမှာ နာမည်ဆန်းလေးတစ်ခု သွားတွေ့တယ်။ ပြီးတော့ အဲဒီစာတန်းလေးကို Bold လုပ်ထားသေးတယ်၊ “ဥသြ=၃၀၀” တဲ့… ကဗျာဆန်တယ်နော်။
10)
ဈေးကလည်း လဖက်သုတ်တစ်ပွဲ သာသာရယ်ဆိုတော့ မြန်မယ်ထင်ပြီး စားပွဲထိုးကို လှမ်းမှာလိုက်တယ်။ “ညီလေးရေ.. ဥသြတစ်ပွဲဟေ့” တခါအော်ပြောတယ် မရဘူး၊ နောက်နှစ်ခါ ထပ်အော်ပြောတယ်.. စားပွဲထိုးက အလုပ်ရှုပ်နေတဲ့ ကြားက တစ်ချက် ဘုကြည့်ကြည့်တယ်။ ဒါနဲ့ “ဟေ့ရောင်.. မင်းလာအုံး” ဆိုပြီး လှမ်းခေါ် လိုက်တယ်။ မိုးမောင်က သိုင်းသာ မတတ်တာ အ၀င်အထွက်ကြမ်းတယ် ဆိုတာ ဒီကောင်မသိဘူး။ အဲဒီအချိန် မှာပဲ ဆိုင်ရှင်က သူ့စားပွဲထိုးကို လှမ်းခေါ်ပြီး စကားပြောတယ်။ ပြီးတော့ ကျနော်တို့ဆီ ဆိုင်ရှင်ကိုယ်တိုင် ပြေးလာပြီး “ အကိုတို့ရယ်.. ဆိုင်မှာ လူသိပ်ကျနေလို့ စားပွဲထိုးတွေကို စတာနောက်တာ သည်းခံပါဗျာ” တဲ့။ ဟမ်.. ဘလိုင်းကြီးပါလား ဆိုပြီး မိုးမောင် ပိုတင်းသွားတာပေါ့၊ ဒီဆိုင်ရှင်ကိုယ်တိုင်က ကိုယ့် customerကို ဒီလိုပြောစရာလား။“ဟေ့လူ.. မှာထားတဲ့ အမြည်းကြာမယ်ဆိုလို့.. ဥသြတစ်ပွဲမှာတာ”ခင်ဗျာကောင်တွေကို နောက်ဖို့ ပြောင်ဖို့ စိတ်မ၀င်စားဘူး” လို့ ပြောလိုက်တယ်။
11)
ဆိုင်ရှင်က စိတ်ပျက်ဟန်နဲ့ ခေါင်းတခါခါလုပ်ပြီး ကောင်တာကို ပြန်သွားတယ်။ မိုးမောင်တို့ သူငယ်ချင်း နှစ်ယောက်လည်း တင်းတင်းနဲ့ မှာထားတဲ့ အမြည်းကိုပဲ စောင့်ပြီး သောက်လိုက်ကြတယ်၊ ပြီးတော့ ဒီဆိုင်ကို နောက်ဘယ်တော့မှ လာမသောက်တော့ဘူးလို့ သံဓိဌာန်ချလိုက်တယ်။ စိတ်မကြည်မသာနဲ့ သောက်လိုက်တာ တစ်ထောင့်လည်းကုန်ရော နှစ်ယောက်သား ပြန်မယ်ဆိုပြီး ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်လိုက်တယ်။
12)
အဲဒီမှာ ကိုရွှေဘော်ဘော်က ဘယ်လိုဖြစ်တယ် မသိဘူး၊ မိုးမောင် ပိုက်ဆံရှင်းနေတုန်း စားပွဲပေါ် ထိုးအန်ပါလေရော၊ ဒီကောင်က အပွဲပွဲ နွှဲလာတာ အခုမှ လာအန်တော့ မိုးမောင် စိတ်ညစ်ရတာပေါ့း)။ ပြဿနာက ဒီကောင်အန်ယုံနဲ့ မပြီးသေးဘူး၊ မိုးမောင်တို့ ကံမကောင်းလိုက်ပုံများ ပိုက်ဆံရှင်းတော့ ငွေပိုပြီး တွက်ထားတာ တွေ့ရတယ်.. မမူးသေးပဲနဲ့ ဒါ သက်သက် အကြံပက်စက်တာပဲ ဆိုပြီး ငွေရှင်းတဲ့ ဘောင်ချာကို ပြန်စစ်တယ်။ တိတိကျကျပဲဗျာ မှာတုန်းကမရတဲ့ ဥသြ တစ်ပွဲစာ ပိုတွက်ထားတယ်။ ((((တောက်)))) ရန်ကုန် သား စစ်စစ်ကို ဒီလို လုပ်ခံရတာ ဘယ်လောက်ရင်နာစရာ ကောင်းလည်း ရောင်းရင်းတို့ စဉ်းစားကြည့်..။
13)
ဒါနဲ့ နဂိုထဲက ကြည့်မရတော့တဲ့ စားပွဲထိုးကို ပြန်ခေါ်လိုက်တယ်။
“ဟေ့ရောင်…. ငါတို့မစားတဲ့ ဥသြတစ်ပွဲ ဘာလို့ ပိုတွက်ထားတာလဲ”
“မင်းကိုမင်း လည်လှပြီထင်နေလား..မင်းဆိုင်ရှင် အခုခေါ်လိုက်စမ်းဘာ”… ကိုယ့် ဘော်ဘော်ကလည်း အားကိုးရတယ်ဗျာ ပုလင်းခွံတွေ ဘာတွေ ကောက်ဆွဲလိုက်ပြီး (ကိုကိုဖရီးလို ရောင်းစားဖို့ မဟုတ်ဘူးနော်) ဖဲ့တော့မှာ။ ဆိုင်ရှင်ရောက်လာတော့ ဆိုင်ရှင်ကိုယ်တိုင်က အကျီ င်္လက်တွေဘာတွေ ခေါက်တင်ပြီး “ကိုယ့်လူ ဘာကိစ္စလဲ” တဲ့..။
14)
မိုးမောင်ကလည်း အချဉ်မဟုတ်ဘူးလေ.. “ခင်ဗျာကောင်က ငွေတွက်တာ ဥသြတစ်ပွဲဖိုး ပိုတွက်ထားတယ်” “ကျုပ်တို့ မစားခဲ့တာ ခင်ဗျား အသိဆုံး.. ဒါဘယ်လိုဖြစ်တာလဲ” လို့ ပြောပြီး မတ်တတ်ထရပ်လိုက်တယ်..။ ဆိုင်ရှင်က ကျုပ်ကို ခြေဆုံး ခေါင်းဆုံး တအံ့တသြကြည့်ပြီး ခင်ဗျား နယ်ကလားတဲ့။ အရေးထဲ ဆွေမျိုးစပ်မလို့လား မသိဘူး စိတ်တိုရတဲ့ အထဲ..။
“မဟုတ်ဘူး.. ဘာတွေ အကြောင်ရိုက်နေတာလဲ.. ပိုက်ဆံ ၃၀၀ ဘာမှ မဖြစ်ဘူး၊ မဟုတ်တာ လုပ်တာ မခံချင်လို့..ရှင်းလား”…
*
အဲဒီတော့ ဆိုင်ရှင်က ဘာသဘောပေါက်သွားလဲ မသိဘူး.. အားရပါးရ ပြုံးပြီးတော့…
“ဒီမယ် ကောင်လေး.. ဥသြ=၃၀၀ ဆိုတာ.. အမြည်းမဟုတ်ဘူးကွ”
“ဆိုင်မှာ မင်းတို့ ကြိုက်သလောက် သောက်လို့ရတယ်.. ဒါပေမယ့် အန်ရင်တော့ သန့်ရှင်းရေးလုပ်ခ ၃၀၀ ပေးရမယ်လို့ သဘောပေါက်အောင် ရေးထားတာ”
“မော်ဒန်ဝတ္ထုတိုတွေ ရေးတဲ့ BlackDream တို့အုပ်စု ခဏခဏ လာလာအန်လို့… ဒီစနစ်ကို ငါကိုယ်တိုင် တီထွင်ထားတာ ကြာလှပေါ့.. ရန်ကုန်တစ်မြို့လုံးသိတယ်”
“အို…ရှင်းရှင်းပြောရရင် ငါ့ အငယ်ဆုံး နို့ မပြတ်သေးတဲ့ ကလေးတောင် သိတယ်ကွာ”
“မင်းစဉ်းစားကြည့်လေ.. သူများတကာ စားသောက်နေတဲ့နေရာမှာ မင်းတို့က လာအန်တော့.. အများကို ထိခိုက်တာပေါ့.. ဒီတော့ ဒီစနစ်ဟာ တရားမျှတတယ် ကောင်လေး..”
“ဒီတော့ မင်းစိတ်ဆိုးလို့မရဘူး..လက်ခံလိုက်ပါ..လက်မခံရင်တော့ (အင်း..လက်ခံလိုက်ပါလေ)..
“(((((ဗျာ)))))”
15)
မိုးမောင်ရော သူငယ်ချင်းပါ မျက်လုံး အပြူးသားနဲ့ ဆိုင်ရှင်ရဲ့ ဥသြတရားကို နာယူလိုက်ရတယ်..။ ရန်ကုန်မှာ တစ်နေ့တစ်နေ့ မော်ဒန်တွေ ဘယ်လောက် ခေတ်ထနေသလဲ ဆိုရင် ဒီအရက်ဆိုင်တွေတောင် မော်ဒန်ဆန် လာပါလားလို့ တွေးမိရင်း “ဥသြ=၃၀၀” လို့ ပါတဲ့ ဘောင်ချာလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အိမ်ပြန် ခဲ့တယ်။ အိမ်အပြန်လမ်းမှာတော့ ဥသြငှက်ကလေးတွေ မတွန်ကျူးနိုင်ပါဘူး.. မိုးတွင်းကြီးကိုး..။ ဒါပေမယ့် သူငယ်ချင်း က ဘယ်လိုဖြစ်နေတယ် မသိဘူး.. ဘတ်စ်ကားပေါ်မှာ အန်ချလိုက်ပြန်တယ်ဗျာ….
ဝေါ့…………
ဘ၀အမူးများ(အဲလေ) အမောများ ပြေကြပါစေဗျာ…
(မိုးမောင်)
P.S/ အရက်အကြောင်းချည်း ရေးလို့ မိုးမောင်ကို အရက်သမားလို့ မထင်လိုက်ပါနဲ့ဗျာ.. အပြင်မှာတော့ ဘုရားနဲ့ တရားနဲ့ပါ၊ မယုံရင် ကျနော့်ကိုသာ မေးကြည့်ကြပါတော့း)။

18 Responses to “ “အမြည်းတို့ရဲ့ ဒဏ္ဍာရီ” ”

  1. BLACK DREAM says:

    အောင်မလေး အမေရဲ့ ကြားလို့မှ ကောင်းကြသေးရဲ့လား…။ သူလုပ်မှပဲ လူလည်း အရက်သမား ပြားပြား အဲလေ လုံးလုံး ဖြစ်တော့ တယ်…။ ဒီမယ် မစ်တာမောင်မိုး…။ အဲ့ဒီ့တုန်းကသာ ၃၀၀ နဲ့ရရင်ရမယ်…။ အခုဆို ရင်တော့ လာထား ၃၀၀၀ ပဲ…။ တဘောပေါက်! ဟမ်မငှီးနော်…။ အရက်သမား မှန်း လူတွေသိကုန်ပါပြီ…။ ဒီတစ်ခါရေးမှ ထည့်ရေးဦးမယ်…။ နာပြီသာမှတ် :P

  2. ဟန်လင်းထွန်း says:

    ဖြစ်ရမယ် ဖြစ်ရမယ်။

  3. တောင်ပေါ်သား says:

    ကိုကြီးရေ အရက်ဒဏ္ဍာရီ ကို လာဖတ်သွားတယ် ဟဲဟဲ ကိုကြီးရေ အူကြောင်းကျား တပွဲလောက် လာပို့ပေးပါလား ဒီမှာ ၀ိုင်းကောင်းနေလို့ ဟဲဟဲ ကျနော်တို့တွေတော့ ဥသြ=၃၀၀ မစားဘာဘူး ကိုကြီး စားချင်ရင် မှာပေးမယ် ဥသြ ဥသြ ဟဲဟဲ စတာနော့် ကိုကြီး ကိုကြီးတော့ နာပြီမှတ် ကြုံရင် ထည့်ကို ရေးဦမှ ဘာတဲ့ “အမြည်းတို့ရဲ့ ဒဏ္ဍာရီ” ကောင်းပါ့ဗျာ

  4. ကောင်းကင်ကို says:

    ဟားဟား။ ဥသြက ရှင်းခါနီးမှ ရောက်လာတယ်ပေါ့။ မြည်းလိုက်သေးလားဗျ။ ဟားဟား။ နောက်တာ။
    ရယ်ရတယ်ဗျာ။

  5. MELODYMAUNG says:

    ယုံဘူး ယုံဘူး ဂျွမ်းထိုးပြ
    အန်တော့ ထပ်မအန်နဲ့နော်
    ၃၀၀က စင်ကာပူဒေါ်လာပဲလက်ခံမှာ သိလား အဟိဟိ

  6. မိုးကြယ် says:

    ကိုမိုးကြီး ဥသြ ၃၀၀ ကိုပါဆယ်ဆွဲခဲ့သေးလား.. ဟားဟားဟား.. :)
    အမြည်းတို့ရဲ့ ဒဏ္ဍာရီ ဖတ်ပြီး ဇေ နဲ့ ကြက်ဂွေးတောက် ကိုလွမ်းသဗျ..

  7. Freshup says:

    အဟ.. မိုက်တယ် :D
    ကျွန်တော်လဲ အသောက်ဝါသနာပါပေမဲ့ကာ.. အမြည်းမပါပဲတော့ မလုပ်တတ်ဘူးဗျ..
    ကျွန်တော့်အတွက်တော့အမြည်းကအဓိကလို့ဆိုရမယ်..
    ထူးထူးဆန်းဆန်းဆိုဘာမှန်းမသိ မှာမြည်းချင်နေတာ..

    ဥသြတော့ မှာဖူးဘူးဗျ :D

  8. ကိုရင်နော်ခင်လေးငယ် says:

    ဒီလူကြီးတွေ ဒိုင်လျှိုလေးတွေ “ကစ်.. ကစ်” နေကြတယ်ပေါ့လေ..
    အနော့် အိမ်မှာတော့ တူမတော် ဖွက် ဖွက်ထားတဲ့ BE ပုလင်းဘဲရှိတာဗျ..။
    နောက်လာမှ တူမကို မျက်နှာချိုသွေးပြီး ထုတ်ဧည့်ခံမယ်ဗျာ… ဟီးးးး
    (ကိုရင်)

    ဟယ်.. ကြည့်စမ်း ထစ်ကနဲရှိ “ကစ်”
    ဖို့ဘဲ ချောင်းနေကြတယ်ပေါ့လေ.. အိမ်မှာတော့.. ဟိုကျန်ဒီကျန်သုပ်နဲ့
    ဥသြ = ယန်း၂၀၀၀၀ နော်.. ဒါဘဲ
    (ခင်လေး)

    ဟင့်..ဟင့် တမီးနေကောင်းဖူး
    ဒူးမှ တောက်ရဖူးး နော် ကလေးလေး ဦးနော်ပုလင်း ဖွက်ထားတဲ့ နေရာလည်းပြောဖူးးး
    (ကလေးလေး)

  9. မိုးမြင့်တိမ် says:

    ဟား ဟား ဟား ဟား ကောင်းပါ့ဗျာ။ ဥသြ = ၃၀၀
    ရီမောပြီး ပြန်သွားပါတယ်။

  10. ဗေဒါရီ says:

    ဟားဟား ရယ်လိုက်ရတာ ကိုမိုးမောင် ..
    ဥသြ ၃၀၀ .. တဲ့ :)
    ကျွန်မကတော့ အူကြောင်ကြားကို စိတ်ဝင်စားတယ်။ ဟဲ ..
    ရေနွေးကြမ်းလေးနဲ့ မြည်းရမြည်းရပါ။

    ကိုမိုးမောင် ဒဏ္ဍာရီ ဖတ်ပြီး တဒင်္ဂတော့ ဘ၀အမောတွေ ပြေသွားပါရဲ့ရှင်။
    ကျေးဇူးတင်ပါတယ် …

  11. ဒူကဘာ says:

    ဥသြက ၃၀၀ ဆိုတော့ တချို့ဆို ပွမ်ပွမ်မြည်တဲ့ ကားလောက် အားရပါးရ လုပ်တတ်ကြတယ်၊ ရီပြီး ကွန်မန့် ပွတ်သွားပါတယ်ဗျားးးးးးးးးးးး

  12. အိုင်လွယ်ပန် says:

    ကိုဘလက်ကိုပါထဲ့ဆွဲသကိုးးး….
    ကောင်းတယ်ဗျာ…..
    ဥသြမဆွဲကြေးတစ်ဝိုင်းလောက်ကြိတ်ရအောင်…

  13. မိုးမောင် says:

    (((((ဗျာ)))))… ကျနော် အရက်သမား မဟုတ်ရပါဘူး ကိုအိုင်လွယ်ပန်ရယ်… ဥသြ မဆွဲကြေးလို့ စိန်မခေါ်ပါနဲ့ :”(.. အဟင့်။ စိတ်ပါတုန်းလေးပဲ သောက်တာပါ… ဆိုးတာက ၂၄နာရီ စိတ်သွားတိုင်း ကိုယ်ပါပြီး စိတ်မပျက်သေးတာ ခက်နေတား)။

  14. အိမ်မက်ရှင် (Dreammaker) says:

    ဟားဟား ….သိပ်ကောင်းတယ်ဗျာ … တကယ်ပါပဲ၊ ဟတ်ထိတယ် ကွက်ကွက်ကွင်းကွင်းနဲ့ကို ရယ်ရတယ် ကိုမိုးမောင်ရေ
    ကျွန်တော့်ဆီကို တစ်ရက်လောက်လာပြီး ကစ်ဦးဗျ … (ဥသြအခမဲ့) နော့ … :D

  15. Anonymous says:

    မိုးမောင်ကအရက်သမားမဟုတ်ပါဘူး….The whole world ကသိကြပါတယ်…..ဒါပေမယ့်အရက်အကြောင်းနောကြေနေလို့  ထင်တယ်နော…….. :P

  16. MrDBA says:

    ဟန်ကျတာဘဲ .. ကမိုးကြယ်ကိုပါခေါ်ပြီး တစ်ရက်လောက် ဆုံရအောင်။

  17. [...] ပြည့်စုံသည့် သူအား သူ့ရဲ့ အမြည်းတို့ရဲ့ ဒဏ္ဍာရီထဲမှာ အရက်သမားအဖြစ် [...]

  18. မြမြင့်မိုရ်ခိုင် says:

    ဟား..ဟား……..
    ရယ်ရတယ်………

Leave a Reply