admin
February 28th, 2010
“သိချင်တာရှိရင် ငါ့ကိုမေးလေ”
စာဖတ်ရင်းအိပ်ပျော်သွားရုံရှိသေး ရုတ်တရက် ထွက်လာသောအသံကြောင့် လန့်အော်မိပေမယ့် အသံကထွက်မလာ။ အမှန်က သူအိပ်မက်မက်နေတာဆိုတော့ အသံထွက်မလာတာပဲ ဖြစ်မည်။
“မေးပါကွ ဒီလောကထဲမှာ ငါက ဆရာကြီးပါ.. အားလုံးထဲမှာ ငါ့လောက်တော်တာ တစ်ယောက်မှမရှိဘူး”
အသံက အနားမှာနောက်တစ်ခါ ထပ်ပေါ်လာပြန်သည်။ င့ါကို ဘာတွေဇွတ်လာမေးခိုင်းနေတာလဲမသိဘူး ဆိုသောအတွေးဖြင့် အသံလာရာဖက်ကို ကြည့်မိတော့ သူ့ရှေ့မှာ ရပ်နေသောပုဂ္ဂိုလ်ကို သူတွေ့လိုက်ရသည်။ အိပ်မက်ဆိုတော့ လှည့်ရှာစရာမှမလိုတာ။ သူ့ရှေ့မှာမြင်နေရသော ထိုလူသားအား သူသေချာအကဲခတ်ကြည့်၍ အသက်ကိုခန့်မှန်းကြည့်မိသည်။ ဆံပင်ရှည်ရှည်ကို နောက်လှန်စည်းထားပြီး ဘင်္ဂလီရုပ်ပေါက်နေသောမျက်နှာတွင် နေကာမျက်မှန်အမဲကို တပ်ထား၏။ အမှန်က အိပ်မက်ထဲမှာ နေကထွက်မနေပါ မျက်အိမ်ဟောက်ပက်နှင့် သူ့မျက်လုံးပြူးပြူးတွေကို ဖုန်းကွယ်ထားချင်၍ တပ်ထားပုံရသည်။ အပေါ်အောက်ဝတ်ထားသော အနောက်တိုင်းဝတ်စုံနှင့် မလိုက်ဖက်စွာ ရာဘာခြေညှပ်ဖိနပ်ကို စီးထားသည်။ လက်ထဲမှာလည်း လက်ပတော့ ကွန်ပျူတာတလုံးကိုင်လို့ တလောကလုံး သူ့လုပ်စာထိုင်စားနေရသလိုလို။ ရင်ဘတ်က ရှေ့မှတ်တိုင်ရောက်နေပြီး မေးစေ့က လမှာတက်ချိတ်နေသလား ထင်ရသည်။ ခန့်မှန်းတာ သိပ်မလွဲလောက်ရင်တော့ သူအသက်နှင့်မတိမ်းမယိမ်းပေါ့။
“သြော်…ခင်ဗျားက ဘလော့ဂါကြီးကိုး” ဟုသူပြောတော့ ပုဂ္ဂိုလ်ကြီးက..
“နိုး.. နိုး.. မပြည့်စုံဘူး။ ဘလော့ဆရာကြီး နဲနဲမှ မကြားမိဘူးလား” သူခေါင်းရမ်းပြတော့ ဆရာကြီးမျက်နှာက တင်းကနဲဖြစ်သွားသည်။
“ဆရာကြီးက ဘာလို့ အပေါ်ကတော့ ဟုတ်တုတ်တုတ်နဲ့ ခြေထောက်က ရာဘာခြေညှပ်စီးထားရတာတုန်း”
သူ့မေးခွန်းကြောင့် ဆရာကြီးဆိုသူ သူ့ခြေထောက်သူငုံ့ကြည့်ရင်း…
“ဖုန်ပေါလို့ ဗွက်ထူ ရာသီကပူ ဗမာပြည်ရောက်တဲ့လူ စတိုင်လေ။ အာ.. ဟေ့ကောင် ဘာတွေမေးနေတာလဲ မင်းမေးရမှာက စာအကြောင်းပေအကြောင်းကွ” ဟုပြောပြီး ခပ်လှမ်းလှမ်းမှ ဖြတ်မောင်းသွားသော ကားပြာကြီးတစီးကိုကြည့်ရင်း ပြောလက်စ စကားသံကို ပြန်ဘွာတေးလုပ်ပြီး သူမပြောသလို တစ်လုံးချင်း လိုက်သိမ်းနေသည်။ အိပ်မက်ဆိုတော့ ဓါတ်ရှင်ကားတွေ ထဲကလို လုပ်ချင်ရာ လုပ်လို့ရနေသည်ပေါ့လေ။ (more…)
Posted in ၀တ္ထုတို
11 Comments »
admin
February 3rd, 2010
“အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်
မကုစားပဲ၊ အပျင်းစွဲ ငမွဲငနုံပင်”
ငယ်ငယ်က သင်ခဲ့ရွတ်ခဲ့ဖူးတဲ့ သံပေါက်ကဗျာလေးထဲက တစ်ပိုင်းတစ်စလေးကို အမှတ်ရနေမိတယ်…။ အကုန်လုံးတော့ မမှတ်မိတော့ပါ….။
ပျင်းတာနှင့်ပတ်သတ်ပြီး အွန်လိုင်းကသူငယ်ချင်းတစ်ယောက်နှင့် ပြောဖြစ်တော့ အစ်ကို့အတွက် ပျင်းတာနှင့်ပတ်သတ်ပြီး ကဗျာလေး စပ်ပေးမယ်ဆိုပြီး လက်တမ်းကောက်စပ်ပေးလိုက်တယ်။ အမယ်လေး အတော်ကို ကာရန် နိုင်တာပဲဗျာ။ သူအပေါ်ပိုဒ်စပ်ပြီးတော့ အဆုံးပိုဒ်ကို ကျနော်နှမ်းဖြူးပေးရင်း ပျင်းတဲ့အကြောင်းကို ငပျင်းတွေ စာစီလိုက်မိတယ်….။
ပျင်းပျင်းရှိလှ၊ ပျင်းနေကြမို့
ပျင်းလို့ထိုင်နေ၊ ပျင်းပိုလေမို့
ပျင်းပျင်းရှိစွာ၊ ပျင်းကမ္ဘာမှာ
ပျင်းလေ ပိုပျင်း၊ ပျင်းစေမင်းလို့
ပျင်းကြောလှိုက်ဆူ၊ ပျင်းလူလူနှင့်
ပျင်းပျင်းစကား၊ ပျင်းပင်ငြားလည်း
ပျင်းပုံပျင်းဆဲ၊ ပျင်းလျှက်ပဲမို့
ပျင်းပျင်းနဲ့သာ၊ ပျင်းတော့မည်။
ပျင်းပျင်းကဲမည်၊ ကြံကာစည်လည်း
သွေဖီလောက၊ များမြောင်လှသည့်
ကိစ္စဖုံဖုံ၊ ဤလူ့ဘုံကို
မြင်ယုံ ကျွန်ုပ် ကြောက်မိသည်….။
ကျနော်တို့တွေ ငယ်စဉ်ကတည်းက လူကြီးမိဘတွေက မပျင်းကြဖို့၊ ကြိုးစားလုံ့လရှိကြဖို့၊ အမြဲလို သွန်သင်တတ်ကြပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် လူကြီးတွေက လူငယ်တွေကို မပျင်းဖို့ ဆုံးမတတ်တာ သဘာဝလိုပါပဲ။ ကျနော်စဉ်းစားနေမိတယ်ဗျ။ ပျင်းရိခြင်းဘာကြောင့်များ ဖြစ်လာသလဲပေါ့…။ (more…)
Posted in ဆောင်းပါး
12 Comments »
admin
January 22nd, 2010
ပြောင်းလဲခြင်းဆိုတာကို
မသိတဲ့အတွက်
လိုက်လျှောညီထွေနေဖို့
ခက်နေပြီ ဆိုရင်..။
ရဲရင့်ခြင်းဆိုတာကို
အခြေအနေကြောင့်
မှုန်ပြပြ….လို့….
ဆင်ခြေပေးနေမိပြီ ဆိုရင်…။
ဖောက်ထုတ်ရင်
သွေးဆိုတာနီတယ်လို့ ထင်ခဲ့တယ်
တကယ်လို့…
အဆိပ်သင့်နေတဲ့သူ ဖြစ်နေပြီ ဆိုရင်….။
အသက်ရှုခြင်းကို
အားစိုက်ဖို့ မလိုဘူးဆိုပေမယ့်
လေတစ်အောင်စအတွက်
ငွေနဲ့လဲနေရပြီ ဆိုရင်….။
ငိုကြွေးခြင်းဆိုတာ
ဝမ်းနည်းလို့ဖြစ်ပေမယ့်
မငိုကြွေးနိုင်လောက်အောင်
ဝမ်းနည်းနေပြီ ဆိုရင်…။
အချိန်ဆိုတာကို
တန်ဖိုးထားရမှာ သိပေမယ့်
ကုန်ခဲလိုက်တာလို့
ညည်းတွား လာရပြီ ဆိုရင်….။
ကမ္ဘာကြီးက ကျယ်တယ်ဆိုပေမယ့်
ခြေတစ်ဘက်ရပ်တည်ဖို့အတွက်
နေရာမရှိသလို ခံစားလာရပြီ ဆိုရင်….။
ကိုယ့်ရပ်တည်မှုအတွက်
ဘုရားတွေကို
အပြစ်တင်လာရပြီ ဆိုရင်….။
ပုံဆောင်ခဲတွေလို
ထုဆစ်ရင်း
အတ္တတွေ စုပုံလာတာများလာပြီ ဆိုရင်…။
ကမ္ဘာကြီးရေ….
နက်ဖြန်အတွက်
မျက်နှာသစ်ဖို့….
ရေအေးအေးလေး တစ်ခွက်လောက်
ကောင်းကင်ကြီးဆီက
တောင်းပေးစမ်းပါကွာ….။
ဖိုးမောင်
Posted in ကဗျာ
8 Comments »
admin
December 24th, 2009
သာယာတဲ့အသံလေးတစ်ခုရဖို့ မာကြောလွန်းတဲ့ သံမဏိကြိုးတွေကို အသားတွေ အနာအကျင်ခံပြီး ကြိုးစားတီးခတ်နေတာ တိကျသေချာတဲ့ တပ်မက်မှုတစ်ခုပါပဲ။ ပေါ်ထွက်လာတဲ့အသံလေး သာယာတဲ့အခါ အဲဒီနာကျင်မှုတွေ ဘယ်ရောက်ကုန်မှန်းတောင် မသိ။
ဂစ်တာတီးချင်လွန်းလို့သာ သင်နေရသည် လက်ထိပ်တွေကတော့ အတော်လေးနာကျင်နေပြီ။ တီးခတ်သည့်ကြိုးမှ အသံပီပီသသထွက်ရန် ကြိုးစားပြီးဖိလေလေ အသည်းထဲမှ စိမ့်ကနဲနေအောင် နာကျင်သည့်ဒဏ်က အတော်လေးခံစားရလေလေ ဖြစ်သည်။ ဒီလိုနာနေတာတောင် ဘာကြောင့် ဂစ်တာတီးတတ်ချင်ရသလဲ..။ ဂစ်တာသံကို ကြိုက်ရင်သူများတီးတာပဲ နားထောင်ပေါ့လို့ ပြောလျှင်တော့ အနုပညာကိုသိပ်ချစ်လို့ ဘာလို့ဖြေမိမည်လား မပြောတတ်။ အသေချာဆုံး တစ်ခုကတော့ ဂစ်တာမှ ထွက်လာတဲ့အသံသည် ကျနော့်နှလုံးသားကို ထိထိမိမိ ရိုက်ခတ်နိုင်နေသည်။ အရိုးရှင်းဆုံးပြောရလျှင် ကျနော်ဂစ်တာသံကို အလွန်တပ်မက်သာယာသဖြင့် အချိန်အခါမရွေး တီးခတ်ခံစားနိုင်စေရန် ဂစ်တာတီးသင်ခြင်း ဖြစ်သည်။
ကျနော်တို့အိမ်ရှေ့၌ ပေလေးဆယ်ခန့်မြေကွက်လပ်လေးတစ်ခုရှိသည်။ ထိုကွက်လပ်လေးတွင် ဒီအိမ်စဆောက်ကတည်းက မိသားစုအပျင်းပြေ ထွက်ထိုင်နိုင်ရန် သစ်သားခုံတန်းလျားလေးတစ်ခု ပြုလုပ်ထားသည်။ ကျနော်ငယ်စဉ်ကတည်းက အိမ်ရှေ့တွင်သာဆော့ပြီး နားတဲ့အခါတွင်လည်း ထိုခုံတန်းလျားလေးပေါ်တွင်သာ နားလိုက်သည်။ ဂစ်တာတီးသင်လို့ ဂစ်တာတီးကျင့်တဲ့ အခါတွေမှာလည်း ဒီခုံတန်းလျားလေးမှာပဲ အားတိုင်းထိုင်တီးနေတတ်သည်။ (more…)
Posted in ၀တ္ထုတို
23 Comments »
admin
December 6th, 2009
ကြေကွဲမှုတွေကြားက..
………….
မာယာများတတ်တဲ့
ကောင်းကင်ကြီးကိုလည်း
အစီးအပိုးခံပြီး
ငါ့မာနတွေ ချမကျွေးဘူး။
ဒဏ်ရာအထပ်ထပ်နဲ့..
……………
ဟန်ဆောင်တတ်တဲ့
ကမ္ဘာကြီးကိုလည်း
အသနားခံပြီး
ငါ့ယုံကြည်ချက်တွေ မျှမပေးဘူး။
အလုံခြုံဆုံးထုပ်ပိုးထားတဲ့
ကံနာဝဋ်နာတွေအတွက်
ငါ.. အပျင်းပြေလှုံဖို့
အလင်းမှုန်မှုန်လေးရရင်..
ငါ.. ရစ်ဖက်ငင်ဖို့
သစ်ခက်သစ်ပင်ရှိရင်..
ငါ.. သောက်သုံးဖို့
ကျောက်တုံးကျောက်ဆိုင်တွေ့ရင်..
ငါ့..အတွက်….
ကုတ်ခြစ်စရာ တစ်နေရာသာရှိရင်..
ဟောဒီ လောကကြီး
ငါ့ သောကမီးတွေနဲ့
မြိုချပစ်ပြမယ်..။
MTK
Posted in ကဗျာ
15 Comments »
admin
December 2nd, 2009
တဆတ်ဆတ်တုန်ခါနေသောရင်တို့ ထိန်းချုပ်နိုင်စွမ်း ကုန်လုလု။ မာနနှင့် ဟန်ဆောင်ကွယ်ဝှက်ထားသော မျက်ဝန်းတို့ ဒီထက်နည်းနည်း ကြာလျှင် ပြိုကျတော့မည်ထင်။ နှစ်အတန်ကြာ ဖွဲ့နှောင်ရစ်ခဲ့သော သံယောဇဉ်ကြိုးတို့ မြတ်နိုးခဲ့သော သူမလက်ချောင်းလှလှလေး တစ်ချက်အလှုပ် ဘောပင်(န်)ထိပ်လေးရဲ့ အမှတ်လက္ခဏာတစ်ချက်အခြစ်မှာ တိတိရိရိ အပိုင်းပိုင်းအပြတ်ပြတ်။ “ရှင်က မာနသိပ်ကြီးတာပဲ”လို့ ပြောခဲ့ဘူးတဲ့ သူမရှေ့မှာ ကျွန်တော်ကျဆုံးနေတာ မသိစေရဘူး။ “ဟန်ဆောင်ကောင်းတယ်၊ သိပ်မြိုသိပ်နိုင်တယ်” လို့ ကျွန်တော့်ကို မှတ်ချက်ချခဲ့ဖူးတဲ့ သူမ။ ရင်တစ်ခုလုံးမွကြေ ပျက်စီးသွားတာ မကြားစေရဘူး။
နဖူးကအမာရွတ်ကို စမ်းမိတိုင်း မဟော်သဓါကို သတိတရနဲ့ အခဲမကြေဖြစ်နေတတ်တဲ့ ကေးဝဋ်ပုဏ္ဏားရဲ့ အမုန်း။ အင်ကြင်းပန်းတွေဝေတိုင်း မင်းဆန္ဒန်ကို တသသနဲ့ကလဲ့စားခြေဖို့ ကြံစည်နေတတ်တဲ့ စူဠသုဘဒ္ဒွါရဲ့ အငြိုး။ သူတို့တွေထက်ရက်စက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်တွေက အနိုင်လိုစိတ်သက်သက်ကြောင့်လား။ မှားခဲ့သလား၊ မှန်ခဲ့သလား တိတိကျကျ မဝေခွဲတတ်ပေမယ့် ကျွန်တော် သူမအပေါ် ရိုးသားခဲ့ပါတယ်။
“ဒါပဲ မဟုတ်လား”
သူမကို မကြည့်ပဲ မေးလိုက်တဲ့ စကားသံ က ခပ်ဝေးဝေးတစ်နေရာရာကလွင့်လာသလိုလို။
“ခဏနေ မုန့်လိုက်ကျွေးတာ စားသွားဦးလေ”
သူမ ကျွန်တော့မျက်နှာကို သေချာဖတ်ရင်း အနိုင်ရတဲ့အမှတ်တွေ ရေတွက်နေမယ်ဆိုတာ စားပွဲပေါ်ကစာရွက်ကို မုန်းတီးစွာကြည့်နေတဲ့ကျွန်တော် သိနေနိုင်တာပဲ၊ သတို့သားဆိုတဲ့ ပုဂ္ဂိုလ်လေးကို အားနာမိပေမယ့် အသိသက်သေနေရာက ကျွန်တော့်လက်မှတ်လေးက သူမျှော်လင့်ထားတဲ့ နေရာမဟုတ်တဲ့အတွက် ဒေါသတကြီးပြန်ကြည့်နေရဲ့။ ကျွန်တော် ခေါင်းကိုညင်သာစွာရမ်းရင်း အတတ်နိုင်ဆုံးပြုံးပြီး လက်ထဲမှလက်ထပ်စာချုပ်ကို သူမထံလှမ်းပေးကာ ချာကနဲကျောခိုင်းပစ်လိုက်သည်။ (more…)
Posted in ၀တ္ထုတို
14 Comments »
PHOORE MAUNG
November 18th, 2009
ပညာကိုအလင်းဖြင့် ခိုင်းနှိုင်းတတ်ကြသည်။ အချို့ ကလည်း မျက်စိဟုဆိုတတ်ကြသည်။ မည်သို့ဆိုစေ ပညာရဲ့ ဂုဏ်ကျေးဇူးကို ဖော်ပြရာ၌ သိသာထင်ရှား သော ဥပမာများ ပင်ဖြစ်သည်။
ထိုကဲ့သို့ ပညာကိုအဖိုးတန်ရတနာအဖြစ် အမျိုးမျိုး ခိုင်းနှိုင်းကာ မြတ်နိုးတန်ဖိုးထား ကြသည်။ သို့သော် ပညာနှင့်ပတ်သက်ပြီး လူအများတစ်ဦးနှင့်တစ်ဦး ခံယူချက် မတူတတ်ကြပါ။ အချို့သည် မိမိသိသော အသိပညာ၊ အတတ်ပညာတစ်ခုကို သိစေတတ်စေလိုသော စိတ်ထားဖြင့် မျှဝေလိုကြသည်။ အချို့ကား အဘယ်အကြောင်းကြောင့်ဟု သေချာမသိသော်လည်း မိမိသိသော တတ်သော အသိပညာကို ဝေမျှဖို့ရန် ၀န်လေးတတ်ကြသည်။ တွန့်တိုတတ်ကြသည်။ (more…)
Posted in ဆောင်းပါး
19 Comments »
MOORE MAUNG
November 12th, 2009

တရားသေလက်ခံမှုသဘောတရားမည်သည် ဖြစ်စဉ်တစ်ခုအားသုံးသပ်လျှင် ဓလေ့ထုံးတမ်းများကို သွေ ဖီခြင်းမှ မသိစိတ်ကိုယ်တိုင်ဦးဆောင်ကာ အထူးပင် ရှောင်ရှားတတ်သည်။ ထို့ကြောင့် ကိုယ်ပိုင်တွေးခေါ်မှု ရလဒ်များနှင့် အလှမ်းဝေးနိုင်သည်။ ဓလေ့ထုံးတမ်း၏သဘောမှာ ရှေးလူတို့၏အတွေ့အကြုံနှင့် တွေးခေါ်မှု မှ ဆင်းသက်လာသည်။ သို့သော် အချို့အယူအဆများမှာမူ ယနေ့တိုင် အကြောက်တရားကို အခြေခံလျှက် အသွင်တုအမှန်တရားအဖြစ် လောကတွင်ရပ်တည်လျက်ရှိကြသည်။
“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့” ဆိုတဲ့စကားတွင် ကျနော်တို့ဆင်ခြင်ရမည့် အပိုင်းတချို့ ရှိလာသည်။ ရှေးထုံးပယ်သင့်မပယ်သင့်ဆိုသည်မှာ လက်ရှိခေတ်ကာလ၌ဖြစ်ပေါ်နေသော အခြေအနေ ပေါ် မူတည်ပါသည်။ ပယ်သင့်သည့် အယူအဆဟောင်းတချို့ပယ်၍ လက်ခံသင့်သည့်အကျိုးဆက်အတွက် အကြောင်းတရားကိုတော့ လက်ခံရမည်။ ဈေးသုံးလွယ်သင့် မလွယ်သင့်ဆိုသည်မှာလည်း ကိုယ်ဝယ်မယ့် ပစ္စည်းနဲ့ ကိုယ့်စီးပွားရေးပေါ်တွင်သာ မူတည်ပါသည်။ သို့သော် တချို့သောအနောက်တိုင်းဝါဒတို့သည် အကြောက် တရားကိုအခြေခံလျှက် တည်တံ့နေသဖြင့် ၄င်းဝါဒတို့သည် “ဤ” ကို “ကျွဲ”ဟု ဖတ်နိုင် နေတော့သည်။ ထိုသဘောမှ လွန်မြောက်လိုသော လူငယ်များသည် ဓလေ့ဟောင်းများတွင် ပျော်ဝင်ပြီး နောက် ထိုဓလေ့များအတွင်းမှ ယုတ္တိတရားများကို ကောက်နုတ်အခြေခံကာ မှန်ကန်သောအတွေး အခေါ်လမ်းကြောင်းသို့ ထွင်းဖောက်လျက် ရှိကြပေသည်။ (more…)
Posted in ဆောင်းပါး
12 Comments »
HAPPY CLOUD
November 3rd, 2009
လေယာဉ်ပြူတင်းပေါက်မှ မြင်နေရသော မြေပဲတောင့်ပုံကျွန်းလေးက တိမ်တိုက်တွေအောက်မှာ စိမ်းညို့ လျှက်။ ဒီမြေဒီဒေသက သူမကိုအေးစက်စွာ ကြိုနေမည်လား၊ ဒါမှမဟုတ် နွေးထွေးစွာ ကြိုနေမည်လား၊ သူမ မတွေးတတ်။ သေချာတာက သူမစိတ်တွေ အရမ်းလှုပ်ရှားနေခြင်းပင်။ လေယာဉ်မယ်လေးရဲ့ အင်္ဂလိပ်၊ တရုတ်နှစ်ဘာသာကြေညာချက်ကို သူမနားမလည်ပါ။ လေယာဉ်ဆင်းတော့မည့်အကြောင်း ပြောတာဖြစ်မည်။
ရှေ့ပိုင်းဆီမှ တဖြေးဖြေးလျှောက်လာသော လေယာဉ်မယ်က ခါးပတ်တွေကို တပ်မတပ်လိုက်ကြည့်နေ ပုံထောက်တော့ လေယာဉ်ဆင်းတော့မှာ သေချာပြီပေါ့။ အမည်မသိ မွန်းကြပ်မှုတွေက ရင်ထဲ ပြည့်သိပ်နေရဲ့။ ဘေးခုံမှ သူမသူငယ်ချင်းသည်လည်း သူမကဲ့သို့ ခံစားနေပုံရသည်။ တဖြေးဖြေး နိမ့်ဆင်း လာတာနဲ့ မြင်ကွင်းကပီပြင်လာသည်။ ပင်လယ်ပြင်နှင့်ကပ်လျက် တောင်တန်းများ၊ အဝေးပြေးလမ်းမ ကျယ်ကြီးများ၊ အထပ်မြင့်အဆောက်အဦးများ။ နယ်မြေသစ်မှာ စတင်ရမည့်စာမျက်နှာတွေက သပ်ရပ် သန့်ရှင်းနေဖို့ ဆုတောင်းခြင်းမှလွဲ၍ သူမဘာတတ်နိုင် ပါမည်လဲ။
………………………………………… (more…)
Posted in ၀တ္ထုတို
14 Comments »
HAPPY CLOUD
October 29th, 2009
အမေရိကန်ရူပဗေဒပညာရှင် John wheeler (black hole ကို ကင်ပွန်းတပ်ခဲ့သူ)က Quantum သိအိုရီအရ လေ့လာသူမရှိပဲ စကြဝဠာဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိပစ္စုပ္ပန်ကို လေ့လာနေရင်း အတိတ်ဆိုတာကိုလည်း တစ်ပြိုင်နက်ထဲလေ့လာနေ သလိုဖြစ်တယ်။ ဆိုလိုတာက ကျနော်တို့မြင်နေရတဲ့ ကြယ်စုနဲ့ အနီးဆုံး နက္ခတ္တအဖွဲ့အစည်းဖြစ်တဲ့ စကြဝဠာတိမ်တိုက်ငယ် (Small Magellanic Cloud)ဟာ ကမ္ဘာကနေ အလင်းနှစ် နှစ်သိန်းဝေးတဲ့အတွက် လက်ရှိမြင်ရတဲ့ အဲ့ဒီတိမ်တိုက်ငယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သိန်းက တိမ်တိုက်ငယ်သာဖြစ်ပါတယ်။ ဒီလိုပါပဲ တချို့ကျနော်တို့မြင်နေရတဲ့ ကြယ်တွေက လည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြွေခဲ့ပြီးသားကြယ်တွေ ဖြစ်နေနိုင်တာပါပဲ။
ကြာတော့ကြာခဲ့ပါပြီ…။ ကျနော် ကာရန်သမားဘဝကနေ မော်ဒန်လိုင်းဖက်ကို ခြေစုံချလိုက်တဲ့အချိန် အရာရာဟာ မော်ဒန်မှမော်ဒန် ဖြစ်ခဲ့ဖူးပါတယ်။ သဘောကျမိတာက ကာရန်ကဗျာဆိုရင် တစ်ခါတရံ ကာရန်အတွက် တစ်ချို့စကားလုံးစကားစုတွေ သတ်ပစ်လိုက်ရတာရှိသလို မလိုအပ်ပဲ ထပ်ထည့်လိုက်ရ တာလည်း ရှိပါတယ်။ (more…)
Posted in ဆောင်းပါး
16 Comments »